ရှာမှ ရှားတဲ့ မသန်သော်လည်း စွမ်းသူများ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ အရေအတွက် များစွာရှိပါတယ်။ သူတို့တွေဟာ “မသန်စွမ်း” ဆိုတဲ့အတိုင်း မသန်မာတဲ့ အစိတ်အပိုင်းတွေ ရှိပေမယ့် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေများစွာ ရှိကြသူတွေပါ။ ပညာသင်ယူနိုင်စွမ်းမရှိသူတွေ၊ ဆွံအ နားမကြားသူတွေ၊ မျက်စိမမြင်နိုင်သူတွေ၊ ကိုယ်လက်အင်္ဂါနဲ့ ခနာကိုယ်အစိတ်အပိုင်း တစ်ခုခု အားနည်းနေကြသူတွေကို မသန်စွမ်းအဖြစ် ယေဘုယျသတ်မှတ်ပါတယ်။

ကမ္ဘာပေါ်မှာ ထင်ရှားအောင်မြင်စွာနေတဲ့ မသန်စွမ်းပုဂိုလ်တွေလဲ များစွာရှိကြပါတယ်။ စတီဖင်ဟော့ကင်း ဆိုရင်တော့ ၂၀ ရာစုနောက်ပိုင်းမှာ အအောင်မြင်ထူးချွန်ဆုံးသော သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး မသန်စွမ်းသူတစ်ယောက်လဲ ဖြစ်ပါတယ်။ အခြားအောင်မြင်ထင်ရှားတဲ့ သိပ္ပံပညာရှင်တွေ၊ သရုပ်ဆောင်တွေထဲက အချို့ဟာလည်း မသန်စွမ်းသူတွေ ဖြစ်နေကြတာကို အံ့သြစွာ တွေ့ရပါတယ်။ အိုင်းစတိုင်းဟာ အသက် ၃ နှစ် အရွယ်အထိ စကားမပြောနိုင်ခဲ့သူတစ်ယောက်ဖြစ်သလို ပညာသင်ယူမှုအပိုင်းမှာ အထူးအားနည်းခဲ့သူတစ်ယောက်ပါ။

သူ့လိုပါပဲ.. တယ်လီဖုန်းကို တီထွင်ခဲ့တဲ့ ဂရေဟမ်ဘဲလ်ဟာလည်း ပညာသင်ယူမှုအပိုင်းမှာ အားနည်းခဲ့တဲ့ မသန်စွမ်းသူတစ်ယောက်ဖြစ်တယ် လို့သိရပါတယ်။ သောမတ်စ်အက်ဒီစင် ကလည်း မသန်စွမ်းတစ်ယောက်ဖြစ်သလို အသက် ၁၂ နှစ်အရွယ်အထိ စာဖတ်နိုင်စွမ်းမရှိသူ တစ်ယောက်ပါ။ ဒါ့အပြင် နားမကြားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ မသန်စွမ်းသူတစ်ယောက်ဖြစ်တဲ့ မစုပုံချစ်ဟာလည်း မသန်စွမ်းသူများအဖွဲ့ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လန်ဒန်မြို့ Global Disability Summit 2018 (မသန်စွမ်းမှုဆိုင်ရာ ပထမဆုံး ထိပ်သီးဆွေးနွေးပွဲ) မှာ တက်ရောက်ခွင့်ရခဲ့သူပါ။ သူမဟာ The University of new south wales ကနေ Master of Policy Study ဘွဲ့ရရှိခဲ့ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်ကနေ Master of Information Technology ဘွဲ့ရရှိခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

မသန်ပေမယ့် စွမ်းနိုင်သူများရဲ့ အရည်အချင်းတွေနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ခေတ်အဆက်ဆက် ဂုဏ်ပြုခဲ့ကြရာကနေ ၂ဝ၀၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှာတော့ “အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း” (United Nations Convention on the Rights of Persons with Disablilities- UNCRPD) ကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပါတယ်။

UN မှ ထုတ်ပြန်ထားတဲ့ ဒီကွန်ဗင်းရှင်းဟာ မသန်စွမ်းသူတွေရဲ့ လူ့အခွင့်အရေးကို ပထမဦးဆုံးသော နိုင်ငံတကာအသိအမှတ်ပြု လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်တစ်ခု ဖြစ်ပါတယ်။ အဲ့ဒီသဘောတူညီချက်ရဲ့ ရည်ရွယ်ချက်ကတော့ မသန်စွမ်းသူတွေရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို အကာကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ မသန်စွမ်းသူများ အခွင့်အရေး သဘောတူစာချုပ်ရဲ့ အဖွဲ့ဝင် နိုင်ငံတွေက မသန်စွမ်းသူ များ၏ လူ့အခွင့်အရေး အပြည့်အ၀ ရရှိမှုကို တိုးမြှင့်ဆောင်ရွက်ပေးရန်၊ အကာအကွယ်ပေးရန်နှင့် သေချာမှု ရှိစေရန် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

 

ဒါ့အပြင် တရားဥပဒေရဲ့ ရှေ့မှောက်မှာ မသန်စွမ်းသူများကို အခွင့်အရေး တန်းတူညီမျှမှု အပြည့်အ၀ ရရှိစေရေးအတွက်လည်း အသေအချာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ မသန်စွမ်းသူများကို ငွေကြေးထောက်ပံ့ရခြင်း၊ ဆေးကုသမှုပေးခြင်း နှင့် လူမှု အကာအကွယ်ပေးရခြင်း အစရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျင့်ထုံးများနှင့်အညီ တန်းတူညီမျှမှု အပြည့်အဝပေးရမယ့် လူ့အဖွဲ့အစည်းဝင်တစ်ခုလည်း ဖြစ်တယ်ဆိုတာကို သိနိုင်ကြစေဖို့အတွက် ကြိုးစားကြရပါမယ်။ နိုင်ငံသားများခံစားခွင့်ရှိတဲ့ လူ့အခွင့် အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို မသန်စွမ်းသူများ အားလုံးကလည်း တန်းတူညီမျှ အပြည့်အဝရရှိဖို့ လိုအပ်ပါတယ်။

လက်ရှိကမ္ဘာ့လူဦးရေ စုစုပေါင်းသန်းခုနစ်ထောင်ကျော်အနက် ၁၅ ရာခိုင်နှုန်း ခန့်ဟာ မသန်စွမ်းသူများဖြစ်ကြပြီး ၈ဝ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ နေထိုင်သူတွေပါ။ ကမ္ဘာမှာ ဆင်းရဲသူတွေရဲ့ 20% က မသန်စွမ်းသူတွေဖြစ်နေကြပါတယ်။ တချို့ အာဖရိကနိုင်ငံတွေမှာဆိုရင် မသန်စွမ်းကလေးတွေရဲ့ ၆၅-၈၅ % က ကျောင်းမနေကြပါဘူး။ မသန်စွမ်းသူ အများစုဟာ သူတို့ပတ်ဝန်းကျင်မှာ ရင်ဆိုင်ကြုံတွေ့နေရ တဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနဲ့ စိတ်သဘောထားပိုင်းဆိုင်ရာ အတားအဆီးတွေကြောင့် လူ့အဖွဲ့အစည်းအတွင်းမှာ ပြည့်ပြည့်ဝဝ ပါဝင်ခွင့်မရရှိဘဲ လူဖြစ်ရှုံးသူတွေဖြစ်ခဲ့ ရပါတယ်။ ဒီလို အဖြစ်ဆိုးတွေက လွတ်မြောက်အောင် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း ကို အတည်ပြုပြဌာန်းပေးခဲ့တာပါ။

မသန်စွမ်းသူတွေဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးမှာ အခြားသူများနဲ့တန်းတူ လူမှုအဖွဲ့ အစည်းမှာ ပေါင်းစည်း ပါဝင်လာနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ဒီလိုပါဝင်လာနိုင်အောင်လည်း မသန်စွမ်းသူများရဲ့ ဂုဏ်သိက္ခာ၊ စွမ်းရည်နဲ့ စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးက အသိအမှတ်ပြုဖို့လိုပါတယ်။ မသန်စွမ်းသူများရဲ့ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်မြင့်မားလာအောင် ဆောင်ကြဉ်းပေးကြဖို့လည်း လိုအပ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ ဟာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာတစ်မျိုးသားလုံးကလည်း မသန်စွမ်းသူများရဲ့ အခွင့်အရေးနဲ့ ပတ်သတ်ပြီး အလေးအနက်ထား ဖော်ဆောင်ကြရပါမယ်။ မသန်စွမ်းသူများကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေမှာ မိမိတို့ရရှိထားတဲ့ အသိပညာ၊ အတတ်ပညာ၊ နည်းပညာ တွေကို အသုံးချပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။

”မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ”ကိုလည်း ပြည်ထောင်စုလွှတ်တော်က ၂ဝ၁၅ ခုနှစ် ဇွန်လ ၅ ရက်မှာ ပြဋ္ဌာန်းပေးထားပြီးဖြစ်ပါတယ်။ ဒီဥပဒေဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဆက်စပ်လျက်ရှိတဲ့ဝန်ကြီးဌာနများ၊ UN အဖွဲ့အစည်းများ၊ INGOs၊ NGOsများနဲ့ မသန်စွမ်းအဖွဲ့အစည်းများက မသန်စွမ်းသူများကိုယ်တိုင် ပူးပေါင်းပါဝင်ရေးဆွဲခဲ့တဲ့ ဥပဒေတစ်ရပ်လည်း ဖြစ်ပါတယ်။ အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်တဲ့ ”မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ”ကို လေးစားလိုက်နာကြရပါမယ်။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းရာခိုင်နှုန်းဟာ လူဦးရေရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒီဇင်ဘာ ၃ရက် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ် နှစ်ဝက်အတွင်း မသန်စွမ်းသူ ၁၂၅၀ ခန့်ကို လှုပ်ရှားသွားလာနိုင်အောင် ကုသပေးနိုင်ခဲ့ပြီး ဒီထဲကတော့ ၄၀ ရာခိုင်နှုန်းဟာ မြေမြှုပ်မိုင်းဒဏ်ကြောင့် မသန်စွမ်းဖြစ်သွားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ် လူပေါင်း ၈၀၀၀ လောက် ကိုယ်ခန္ဓာမသန်စွမ်းလို့ ကုသမှု ခံယူနေရပြီး ၄၀၀၀ လောက်ဟာ ခြေတုတပ်ဖို့ လိုအပ်နေသူတွေဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ရန်ကုန်ရုံး) က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေအတွက် ရပ်တည်ပေးနေတဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကလည်း နှစ်စဉ်နှစ်တိုင်းမှာ မသန်စွမ်းအားကစားပြိုင်ပွဲများနဲ့ ပူးပေါင်းလှုပ်ရှားမှုပွဲများကို ကျင်းပပြုလုပ်နေဆဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်တွေမှာ မသန်စွမ်းသူတွေကိုလည်း မဖြစ်မနေ အချိုးကျအလုပ်ခန့်ထားဖို့အတွက် အမိန့်ညွှန်ကြားချက်ကို ဒုသမ္မတဦးဆောင်တဲ့ မသန်စွမ်းအခွင့်အရေးဆိုင်ရာ အမျိုးသားကုပ္မဏီက ဒီနှစ်ကုန်မှာ ထုတ်ပြန်နိုင်မယ်လု့ိ သိရပါတယ်။ မသန်စွမ်းသူတွေကို အလုပ်ခန့်ဖို့အတွက် စီးပွားရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှာဖြစ်ပြီး အမိန့်ကြော်ငြာစာကို မလိုက်နာတဲ့ လုပ်ငန်းတွေကို ဒဏ်ကြေးငွေပေးဆောင်စေဖို့ စီစဉ်မယ်လို့လည်း သိရပါတယ်။ မသန်စွမ်းသူတွေကို အလုပ်မခန့်ထားရင် အချိုးကျခန့်ရမယ့် လူဦးရေရဲ့ အနည်းဆုံးပေးဆောင်ရမယ့် အခကြေးငွေကို မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ရန်ပုံငွေ ကို လစဉ်ပေးဆောင်ရမှာဖြစ်တယ်လု့ိ နောက်ဆုံးထုတ်ပြန်ထားချက်အရ သိရပါတယ်။

Audrey Chann
6th Dec, 2018

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.