Advertisements

ချောင်းဆုံ ၊ စက်တင်ဘာ ၂၀

ချောင်းဆုံမြို့နယ် ကျေးရွာများရှိ လယ်ကွင်းများတွင် ကျင်လည်ကျက်စားနေသော ရှားပါး မျိုးစိတ်ငှက်မျိုးဖြစ်သည့် ခရုစုပ်ငှက်များကို ပစ်ခတ်ဖမ်းဆီးပါက အရေးယူသွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် သစ်တော ဦးစီးဌာန မှသိရသည်။

“ရှားပါးမျိုးစိတ်ငှက်မျိုးဖြစ်တဲ့ ခရုစုပ်ငှက်တွေကို ပစ်ခတ်ဖမ်းဆီးခြင်းမပြုဖို့ ၊ဒေသခံတွေကလည်း ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ဖို့ ၊ပစ်ခတ်ဖမ်းဆီးတာကိုတွေ့မြင်သိရှိရင်လည်း ဌာနကိုအကြောင်းကြားပေးကြဖို့ လိုပြီး၊ ကျွန်တော်တို့အနေနဲ့ ဥပဒေအရအရေးယူသွားဖို့ရှိတယ် ”ဟုချောင်းဆုံမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးစိုးသန်းက ဆိုသည်။

ခရုစုပ်ငှက်များမှာ လွန်ခဲ့သော ၅ နှစ်ဝန်းကျင်ကတည်းက ဒေသသို့စတင်ရောက်ရှိလာခဲ့ပြီး ပင်လယ်ကမ်းနား ပိုင်းရှိ ဒီရေတောများ ၊ ကျေးရွာလယ်ကွင်းများတွင် နေထိုင်ကျက်စားကာ အလေးချိန် ၈၀ ကျပ်သားမှ တစ်ပိဿာ ဝန်းကျင်ခန့်ထိရှိကြောင်း မုရစ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ကပြောသည်။

“ငှက်ဖမ်းတဲ့လူတွေက တော်ပွန်၊ ဇီးကုန်း၊ ကလော့၊ ကွမ်ရိုက် ပင်လယ်ကမ်းနားပိုင်း တွေမှာ ပစ်ခတ်၊ ဖမ်းဆီးပြီးဈေးကွက်မှာရောင်းချနေတာရှိပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါငှက်များကိုပစ်ခတ်ဖမ်းဆီးသူများအား ရှာဖွေဖော်ထုတ်ကာ အသိပညာပေးတားမြစ် သွားမည်ဖြစ်ပြီး ဆက်လက်ဖမ်းဆီးနေပါက အရေးယူသွားမည်ဖြစ်ကြောင်းမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ခရုစုပ်ငှက်များသည် စပါးခင်းများကို ဖျက်ဆီးနေသည့် ခရုများကို ရှာဖွေစားသောက်နေခြင်း ဖြင့် လယ်သမားများကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနေကြောင်း ကော့မုပွန်ကျေးရွာလယ်ကွင်းမှ ဦးမြင့်ကျော် ကဆို သည်။

“ငှက်တွေကိုပိုက်နဲ့ဖမ်းတယ်။ အရှင်ရတာလည်းတွေ့ရတယ်။ အသေရတာလည်းတွေ့ရတယ်။ တချို့က အရက် ဆိုင်တွေကိုသွင်းတယ်။ တချို့ကဈေးမှာရောင်းတယ် ”ဟု ကရင်ဝင်းစိန်ကျေးရွာမှ အမည်မဖော်လိုသူ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါငှက်များသည် လယ်သမားများအားအကျိုးပြုနေသည့်ငှက်ဖြစ်၍ ပစ်ခတ်ဖမ်းဆီး ရန်မသင့်ကြောင်းနှင့် ဖမ်းဆီးစားသောက်နေပါက မျိုးသုဉ်းပျောက်ကွယ်သွားမည်ကိုစိုးရိမ်ရကြောင်း ဒေသခံလယ်သမားများက ဆိုသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply