Advertisements

ချောင်းဆုံ ၊ ဒီဇင်ဘာ

ချောင်းဆုံမြို့နယ် ၊ ရွာလွတ်ကျေးရွာ ၊ ရှင်ဥပဂုတ္တကျောင်းမှ ရေကန်တွင်ရှားပါးမျိုးစိတ်ဝင် သောင်လိပ် အဖိုနှင့်အမ နှစ်ကောင်ကိုတွေ့ရှိရပြီး အဆိုပါလိပ်များရှင်သန်ပေါက်ဖွားနိုင်ရေးအတွက် ဒေသခံများကလည်း ဝိုင်းဝန်းကူညီထိန်းသိမ်းပေးကြရန်လိုအပ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ ဦးဝင်းကိုကိုက ပြောကြား သည်။

“ရခိုင်ပြည်နယ်ကနေ တနင်္သာရီတိုင်းဒေသကြီးအထိရှာဖွေလိုက်တာ ဗိုလ်တထောင်ဘုရားကန်မှာ သောင်လိပ်အမတစ်ကောင်၊ အခုရွာလွတ်ရှင်ဥပဂုတ္တကျောင်းကန်ထဲမှာ သောင်လိပ်အဖိုနဲ့အမ နှစ်ကောင်၊ စုစုပေါင်းသောင်လိပ် ၃ ကောင်ကိုပဲ ရှားရှားပါးပါးတွေ့ရှိခဲ့ရတယ်”ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

အဆိုပါသောင်လိပ်များကို ထိန်းသိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်းနှင့် ယခုအခါ သောင်လိပ်များမျိုးပွားနိုင်ရန်၊ လိပ်ဥနိုင်ရန် ဖော်ပြပါ ရေကန်တွင် သောင်ခုံများပြု လုပ်ထားရှိကြောင်း ဦးဝင်းကိုကိုက ပြောသည်။

“ဒီကန်ထဲကသောင်လိပ်တွေကိုစစ်ဆေးကြည့်တဲ့အခါ အဖိုနဲ့အမ တစ်စုံဖြစ်နေတော့မျိုးပွားဖို့အဆင်ပြေနိုင်တယ်။ လိပ်တွေရဲ့သက်တမ်းက နှစ် ၉၀ နဲ့ ၁၀၀ ကြားမှာရှိတယ် ။လိပ်မကအရှည်နှစ်ပေရှိပြီး အကောင်ကြီးတယ် ။အထီးက အကောင်ငယ်တယ် ။လိပ်တွေကသက်တမ်းကြီးပေမယ့် မျိုးပွားနိုင်တယ် ။လိပ်ဥနိုင်ဖို့သဲသောင်ခုံကို အရှည် ပေ ၂၀ ၊အကျယ် ၉ ပေ နဲ့လုပ်ထားပြီး ကျပ် ၁၁ သိန်းကျော်ကုန်ကျခဲ့တယ်”ဟု ၎င်းကပြောသည်။

“လိပ်တွေက ဆောင်းတွင်းမှာဥချလေ့ရှိတယ်ဆိုတော့ လုပ်ထားတဲ့သောင်ခုံမှာခြေရာလက်ရာပျက်ရင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ကိုအချိန်မီအကြောင်းကြားဖို့မှာထားပါတယ် ။ သောင်ခုံပေါ်ကို တိရစ္ဆာန် တွေမဝင်နိုင်ဖို့လည်း ထိန်းသိမ်းကြည့်ရှုနေပါတယ်”ဟု ကန်အနီးမှ ဦးဝင်းဇော်က ပြောသည်။

ရှားပါးမျိုးစိတ်ဖြစ်သည့် သောင်လိပ်ဥများရရှိပါက စနစ်တကျမျိုးပွားသွားရန်စီစဉ်ထားကြောင်းနှင့် အချို့တစ်ဝက်ကိုလည်းဒေသခံများထံ ခွဲဝေအပ်နှင်းပေးသွားမည်ဖြစ်ကြောင်း သားငှက်ထိန်းသိမ်း ရေးအဖွဲ့မှတစ်ဆင့် သိရသည်။

Written by လွတ်လပ်ေမောင်(ယက္ခမြေ)

Advertisements
<

Leave a Reply