Advertisements

ချောင်းဆုံ ၊ ဧပြီ

ချောင်းဆုံမြို့နယ် ကလော့ကျေးရွာအုပ်စု ၊ အပြိုင်ကျေးရွာတွင်ရှို့မီးကြောင့်နေအိမ် ၄၅ လုံး ဆုံးရှုံးပျက်စီးခဲ့ရပြီး လူ ၂၀၀ နီးပါးအိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်းချောင်းဆုံမြို့နယ်မီးသတ်ဦးစီးဌာနကတဆင့်သိရသည်။

အပြိုင်ကျေးရွာ၊ ရပ်ကွက် (၈)ရှိ ဦးစိန်နှင့်ဇနီးဒေါ်ချိုတို့နေအိမ်ကို ဦးလေးတော်စပ်သူ ဦးမွန်ချမ်း(ခ) ဦးသိန်းထွန်း (၃၂ နှစ်)က ဧပြီလ၁၃ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် ခန့်တွင်ရှို့မီးခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။

“စစ်ဆေးတွေ့ရှိချက်အရ မွန်ချမ်းနဲ့ မချိုက တူဝရီးတွေတော်စပ်တယ် ။လွန်ခဲ့တဲ့တစ်ပတ် ၁၀ ရက်ကျော် ကတည်းက နေအိမ်ကိစ္စနဲ့ပြဿနာတွေဖြစ်ခဲ့ကြတယ် ။အိမ်ရှင်မရှိတဲ့အခိုက်မှာ မီးရှို့ထွက်ပြေးသွားရာကနေ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့သိရတယ်”ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်မင်းပိုင်ကဆိုသည်။

အဆိုပါရှို့မီးကြောင့် နေအိမ်များ မီးသင့်ခံရသူ ဒေါ်တင်နုနှင့် ဒေါ်ထားနွယ်တို့ကလည်း ဖြစ်ပွားခဲ့ပြီးသောကိစ္စရပ်များအတွက် မည်သူ့ကိုမှအပြစ်မတင်လိုကြောင်း နေအိမ်များအားအမြန်ဆုံးပြန်လည်ပြင်ဆင်နေထိုင်ခွင့်ရလိုကြောင်း ၎င်းတို့ဆန္ဒများကို ဖွင့်ဟပြောကြားသည်။

“သူရသင့်ရထိုက်တဲ့အိမ်ယာမြေကိုသူရပြီးလို့ ဆွေမျိုးသားချင်းတွေနဲ့သူပြန်ရောင်းလိုက်ပြီ ။အိမ်မှာလာ ရောက်နေထိုင်တာကို ခွင့်မပြုတဲ့အတွက် အခုလိုမီးရှို့ခံရတာဖြစ်တယ် ။မလုပ်သင့်မလုပ်ထိုက်တာကိုလုပ်တဲ့ အတွက်တခြားလူတွေလည်းနစ်နာကုန်တယ်”ဟု အိမ်ရှင်ဖြစ်သူ မချိုကဆိုသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် တိုက်အိမ် ၁၄ လုံး၊ ပျဉ်ထောင်၊ ပျဉ်ခင်း သစ်အိမ် ၁၆ လုံး၊ ဓနိမိုး၊ဓနိဖက်ကာ နေအိမ် ၁၅ လုံးတို့ပါဝင်ကာ နေအိမ် ၃၇ မီးလောင်ပြီး နေအိမ် ၈ လုံးမှာမီးလမ်းဖြတ်ရာ၌ဖြိုဖျက် ခဲ့ရ၍ စုစုပေါင်း နေအိမ် ၄၅ လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း အိမ်ထောင်စု ၄၅ စုမှ ၊ ကျား ၈၄ ဦး ၊ မ ၁၁၅ ဦး၊ စုစုပေါင်း ၁၉၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဆုံရှုံးမှုအနေဖြင့်ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ကျော်ရှိခဲ့ကြောင်း ၎င်း ကဆက်လက်ရှင်းပြသည်။

မီးလောင်ရာသို့သတင်းရလျှင်ရချင်း ၊ ချောင်းဆုံ ၊ ရွာလွတ် ၊ မုဒူး ၊ မော်လမြိုင် မီးသတ်ဦးစီးဌာနမှမီးသတ်ယာဉ် များနှင့် ကွမ်ရိုက်ကျေးရွာဒေသပိုင်မီးသတ်ယာဉ် တို့ပါဝင်ပြီးမီးသတ်ယာဉ်ပေါင်း၁၀ စီး ၊ ရေသယ်ယာဉ် ၁ စီး၊ မီးသတ်သန္ဓေ (၄၃) ဦး၊ အရန် မီးသတ် (၁၀၀) ဦး၊ မြို့နယ်ရဲသတ်ဖွဲ့ဝင် (၃၈) ဦးနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ ပရဟိတ မီးငြိမ်းသတ်ရေးအဖွဲ့များ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး ၆ နာရီကျော်အချိန်ခန့်တွင်မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း မီးသတ် ဦးစီးမှူး ဦးလွင်မင်းပိုင် ကဆိုသည်။

မီးလောင်ရာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် အစိုးရအဖွဲ့ဝင်များ ၊လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့များလာရောက် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊မီးဘေးသင့်ဒေသခံများအတွက် ကလော့ကျေးရွာ အုပ်စုမှ အောင်သိဒ္ဓိမွန်ကျောင်း နှင့် အောင်မင်္ဂလာသုခဓမ္မဘုန်းတော်ကြီးကျောင်းတို့တွင် မီးဘေးကယ်ဆယ် ရေးစခန်းဖွင့်လှစ်ထားကြောင်းကလော့ကျေးရွာကဦးဝင်းကိုကဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် မွန်ချမ်း(ခ)သိန်းထွန်း(ဘ) ဦးဒွေးအား မီးရှို့သည့်နေ့တွင်ပင်ဖမ်းဆီးရမိပြီး ချောင်းဆုံမြို့မရဲစခန်းမှ၊ (ပ) ၅၆ / ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ- ၄၃၆ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းချောင်းဆုံမြို့မရဲစခန်းက သိရသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply