Advertisements

မွန်ပါတီပေါင်းစည်းခြင်းရေချိန်

အောက်တိုဘာ ၁၁ ရက်က မွန်ပါတီ ပေါင်းစည်းရေး နောက်ဆက်တွဲ လုပ်ငန်းစဉ်အတွက် တာဝန်ရှိသူတို့ ထပ်မံ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ပေါင်းစည်းထားသော အစုအဖွဲ့ သုံးခု ဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ AMDP ၊ မွန်အမျိုးသား ပါတီ MNP နှင့် မွန်ကိုယ်စားပြုပါတီ တည်ထောင်လိုသူအစုအဖွဲ့တို့မှ ပေါင်းစည်းရေး ကော်မတီဝင် ၁၅ ဦးတို့ တွေ့ဆုံခြင်း ဖြစ်၏။

တွေ့ဆုံမှု အခြေအနေကို MNP ပါတီ အထွေထွေအတွင်းရေးမှူး၊ မွန်ပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ယခုလို မှတ်ချက်ပြုပါသည်။

“ဒီနေ့အစည်းအဝေးက ပေါင်းစည်းရေး ဖော်ဆောင်ရေး ကော်မတီ အစည်းအဝေး ဖြစ်တယ်၊ အစည်းအဝေးမှာ ဆုံးဖြတ်ချက် နှစ်ချက် ချလိုက်တယ်၊ ပါတီအသစ်ရဲ့ အစည်းအဝေး စတင်ခေါ်နိုင်ဖို့ နောက်ပြီး ပေါင်းစည်းရေး ကော်မတီကို ရုပ်သိမ်း လိုက်ပြီ”ဟု ဆိုလေသည်။

၎င်းနှင့်အတူ AMDP ပါတီနှင့် မွန်ပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဖြစ်သူ နိုင်စံတင်က ယခုလို ပြော၏။

“ဒီနေ့ ပေါင်းစည်းရေး ကော်မတီတွေ ဆွေးနွေးကြတာပါ၊ အဓိကကတော့ ပြင်ပ အင်အားစု ၂၀ (CSO-အရပ်ဘက်အဖွဲ့ အစည်း) တို့ တစ်သီးပုဂ္ဂလတို့ကို အတည်ပြုလိုက်ပြီး၊ ဗဟိုကော်မတီဟာ ၁၄၀ ဖြစ်လာပြီး၊ ပေါင်းစည်းရေး ကော်မတီကို ရုပ်သိမ်းလိုက်ပြီ”ဟု ဆိုသည်။
အစည်းအဝေး ဆုံးဖြတ်ချက်အရ ပေါင်းစည်းရေး ကော်မတီ ၁၅ ဦးအဖွဲ့အား ရုပ်သိမ်းခဲ့သည့်အပြင် ပြင်ပ အင်အားစုများ ဖြစ်သော CSO ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၂၀ ကို ဗဟိုကော်မတီ၊ ဗဟိုအလုပ်မှုဆောင်များအဖြစ် ထပ်မံ ထည့်သွင်း အတည်ပြုခဲ့သည်။

ထိုအခြေအနေကြောင့် မွန်ပါတီသည် ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ၆၁ ဦး၊ ဗဟိုကော်မတီဝင် ၁၄၀ ဦးအထိ ရှိလာခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွင် MNP မှ ၂၂ ဦး၊ AMDPမှ ၂၂ ဦး၊ မွန်ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ အစုအဖွဲ့မှ ၉ ဦး၊ CSOနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၈ ဦး ၊ စုစုပေါင်း ၆၁ ဦး ဖြစ်၏။

ဗဟိုကော်မတီဝင်၌မူ MNP ၅၀ဦး ၊ AMDP ၅၀ ဦး၊ မွန်ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ အစုအဖွဲ့ ၂၀ ဦး၊ CSOနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၂၀ ဦး ၊ စုစုပေါင်း ၁၄၀ ဦး ဖြစ်လာခဲ့သည်။
လတ်တလော အခြေအနေများကို ဆောင်ရွက်ရန်အတွက် နိုင်တင်အောင် (MNP) ဦးဆောင်သော ယာယီ ဥက္ကဋ္ဌ အဖွဲ့နှင့် အတွင်းရေးမှူး အဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်။

မည်သို့ပင်ဖြစ်စေ ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင် အစုအဖွဲ့ သုံးခု၏ ပေါင်းစည်းမှုနှင့် မွန်ပါတီ ဟူသော အမည်သစ်ကို ချပြ ရှင်းလင်းခဲ့သော်လည်း နောက်ဆက်တွဲ လုပ်ဆောင်စရာ များစွာ ရှိနေသေး၏။

ထိုဖြစ်စဉ်ကို မွန်ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ အစုအဖွဲ့မှ ဒုတိယ ခေါင်းဆောင် ဒေါက်တာ အောင်နိုင်ဦးက ယခုလို မှတ်ချက်ပေး၏။

“လက်မှတ်ရေးထိုးပွဲဟာ ပြီးပြည့်စုံတဲ့ ပေါင်းစည်းရေး အဆင့်မရောက်သေးဘူး၊ အမှန်တကယ်ဆို ဥပဒေအရ လုပ်မယ့် လုပ်ငန်းစဉ်တွေ အများကြီး ရှိသေးတယ်”ဟု ဆိုသည်။

ဥပဒေအရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ပထမအဆင့်အနေဖြင့် နှစ်ပါတီ ပေါင်းစည်းထားသော အခြေအနေကို ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး လက်မှတ်၊ ဗဟိုအလုပ်မှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းနှင့် တကွ တင်ပြမည်ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင် နှစ်ပါတီ၏ ပိုင်ဆိုင်မှုများအား တစ်ပါတီတည်း ဖြစ်ရေး သဘောတူညီချက်များကိုပါ ကော်မရှင်နှင့် အပြန်အလှန် ဆောင်ရွက်ရဦးမည်ဖြစ်သောကြောင့် ယခုအချိန်ကတည်းက ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်နေသည်ဟု ဒေါက်တာ အောင်နိုင်ဦးက ထောက်ပြ၏။

ထိုကိစ္စရပ်ကို နိုင်စံတင်က နှစ်ပါတီ ပေါင်းစည်းကြောင်း ကော်မရှင်ထံ တင်ပြရေးနှင့် မှတ်ပုံတင်မည့် ကိစ္စရပ်များကို ပါတီသစ် ဥက္ကဋ္ဌ အဖွဲ့နှင် အတွင်းရေးမှူး အဖွဲ့ထံ လွှဲပြောင်းလိုက်ပြီ ဟု ပြောဆိုသည်။

“ကျန်လုပ်ငန်းစဉ်ကို ပါတီအသစ်ရဲ့ ဥက္ကဋ္ဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့တွေကပဲ ဆွေးနွေးမယ်၊ ဒီလို ဆွေးနွေးတဲ့ အခါ ပါတီ ဖွဲ့စည်းပုံတွေ အလံတို့ တံဆိပ်တို့ကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်၊ ပါတီဟောင်းကိုတော့ ဖျက်သိမ်းလို့ မရသေးဘူး၊ ပါတီအသစ် မှတ်ပုံတင်ကျလာပြီးမှ အလိုလို ပျက်စီးမယ်”ဟု နိုင်စံတင်က ဆိုသည်။

ပါတီအသစ်၏ အစည်းအဝေးကို အောက်တိုဘာ ၁၇ ရက်၌ ကျင်းပရန် ယာယီ သတ်မှတ်ထားကြောင်းနှင့် မှတ်တင်ပုံမည့် ကိစ္စရပ်များ မည်မျှ ကြာမည်ကို ဆွေးနွေး ညှိနှိုင်းရဦးမည်ဖြစ်သောကြောင့် အတိအကျ မပြောနိုင်သေးဟု ၎င်းက ပြောသည်။

ထို့အပြင် နိုင်လယိတမက “မှတ်ပုံတင်မယ့် ကိစ္စကလည်း ပါတီအသစ်ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီ အစည်းအဝေးမှာပဲ ဆုံးဖြတ်ရတော့မှာ ဖြစ်တယ်၊ ကျွန်တော်တို့ အားလုံးကို လွှဲပြောင်းပေးလိုက်ပြီ”ဟု ဆိုပြန်၏။

ထိုအခြေအနေကို ဒေါက်တာ အောင်နိုင်ဦးက ယခုလို တိုက်တွန်း၏။

“အခုအချိန်မှာ နှစ်ပါတီရဲ့ ခေါင်ဆောင်းတွေက အမြန်လုပ်ဖို့ လိုတယ်”ဟု ဆိုသည်။
AMDP နှင့် MNP တို့သည် ပါတီ ပေါင်းစည်းရေးကို ကော်မရှင်နှင့် အပြန်အလှန် လုပ်ဆောင်ပြီးပါက ပါတီသစ်၏ အလံ၊ တံဆိပ်၊ စည်းမျဉ်းများကို အကျေအလည် ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မွန်ပါတီရဲ့ အလံ၊ တံဆိပ်၊ အခြေခံစည်းမျဉ်း တို့ကို အကျေအလည် ဆွေးနွေးသဘောတူညီမှု ရယူနိုင်ခြင်းမရှိသေးတဲ့အတွက် ဆွေးနွေးသဘောတူညီမှု ရယူဆောင်ရွက်ရန် အရေးတကြီးလိုအပ်ပါတယ်”ဟု ၎င်းက ထောက်ပြ၏။

ထိုကဲ့သို့ ဆွေးနွေးမှုများ ပြီးမြောက်ပါကလည်း မှတ်ပုံတင်ရေးအတွက် ပါတီ တည်ထောင်လိုသူ ၁၅ ဦးအမည်ဖြင့် ကော်မရှင်ထံ တင်ပြရဦးမည့်အပြင် တင်ပြပြီးပါက ခွင့်ပြုသင့် မသင့်၊ ကန့်ကွက်သူ ရှိ မရှိ အချိန်များကို စောင့်ဆိုင်းရမည့် အခြေအနေကြောင့် အနည်းဆုံး အချိန် ၆ လခန့် ကြာနိုင်ကြောင်း ဒေါက်တာ အောင်နိုင်ဦးက သုံးသပ်ပြောဆိုသည်။

ကော်မရှင်က ပါတီသစ်အား ခွင့်ပြုလိုက်ပြီးပါက ဦးဆောင်သူများ အပါအဝင် ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင် စာရင်းများကို ထပ်မံ တင်ပြရမည်သည်။

ယင်းအပြင် ပါတီသစ်အနေဖြင့် မြို့နယ်အဆင့်၊ ကျေးရွာအဆင့် ပါတီဝင်များကို စုဆောင်းခြင်းများ လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ဒေါက်တာ အောင်နိုင်ဦးက ဆိုသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိ ပါတီ ပေါင်းစည်းရေး အခြေအနေ အားလုံးကို ခြုံ၍ ဒေါက်တာ အောင်နိုင်ဦးက ယခုလို မှတ်ချက်ပြု၏။

“ပေါင်းစည်းရေး တရားဝင်ဖြစ်ဖို့ အချိန်ကို ဆွဲပြီးလုပ်ဆောင်နေခြင်းဟာ မကောင်းဘူး”ဟူ၍။

လျှမ်းထက်

Advertisements
<

Leave a Reply