Advertisements

မော်လမြိုင်၊ သြဂုတ်

ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်များ တိုးချဲ့သတ်မှတ်ခြင်း မှာကောင်းမွန်သော လုပ်ငန်းစဉ်ဖြစ်သော်လည်း တချို့သော လက်နက်ကိုင်တပ်ဖွဲ့ သြဇာညောင်းသော ဒေသများတွင်မဲရုံထားရှိရန် တရားဥပဒေစိုးမိုးရေးကိစ္စရပ်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တာဝန်ခံပေးရမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးက တောင်းဆိုလိုက်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်  ၎င်းတို့ ပါတီအနေဖြင့် ကြုံတွေ့ခဲ့ရပြီးအဆိုပါနေရာဒေသတွင် မဲရုံတာဝန်ကျဝန်ထမ်းများအတွက် တာဝန်ဝတ္တရားများ စီမံဆောင်ရွက် ၍မရသော အခြေအနေများနှင့်တွေ့ကြုံခဲ့ရသော အခက်အခဲများရှိကြောင်း ၎င်းကဆိုသည်။

“အဲဒီတော့ အဲဒီလိုနေရာမျိုးတွေမှာ ကျွန်တော်တို့ တစ်ဖက်ရဲ့  မလျော်သြဇာလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရလဒ်တွေအရဆိုရင် နိုင်ငံရေးပါတီတွေ နစ်နာနေတဲ့အကြောင်း ရှိပါတယ်။ အဲဒါတွေကိုလည်း ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ ဥပဒေစိုးမိုးမှု၊ ကော်မရှင်ရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီအတိုင်း အပြည့်အဝတာဝန်ယူ တာဝန်ခံပြီးတော့ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်”ဟု ဦးဝင်းမော်ဦးက ပြောသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်မှု မြှင့်တင်ပေးရန်နှင့်  အငြင်းပွားမှု ပဋိပက္ခဖြစ်စေနိုင်သော ကိစ္စရပ်များကို လျှော့ချရန်၊ လွတ်လပ်ပြီးတရားမျှတမှုရှိသော ရွေးကောက်ပွဲများ ဖြစ်စေရန်၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့
ခွဲအဆင့်ဆင့်တို့၏လုပ်ဆောင်ချက်များသည် ပွင့်လင်းမြင်သာမှုရှိပြီးအများယုံကြည်လက်ခံမှုရှိစေရန် မဟာဗျူဟာစီမံကိန်းကို ရေးဆွဲထားကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းပြုစုရာတွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စုံညီအစည်းအဝေးအမှတ်စဉ် (၃၆/၂၀၁၉) ဆုံးဖြတ်ချက်အရ အတည်ပြုထားသည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ထည့်သွင်းပြုစုသွားမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ကမဲဆန္ဒနယ်မြေ စတင်သတ်မှတ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မဲဆန္ဒနယ်မြေတိုးချဲ့ သတ်မှတ်နိုင်ခဲ့သည်။

ရွှေရိုး

Advertisements
<

Leave a Reply