Advertisements

ဘားအံ သြဂုတ် 

ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ အုပ်ချုပ်ရာ နယ်မြေအတွင်းရှိ ရေဖုံးလွှမ်းနစ်မြုပ်ခဲ့သည့် မိုးစပါး စိုက်ဧကများ ပြန်လည် ထူထောင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများကတဆင့် ဆက်သွယ်အကြောင်းကြားလာလျှင် စိုက်ပျိုးရေးဦးစီးဌာနက အကူအညီပေးမည်ဖြစ်ကြောင်း သိရသည်။

“ဆက်သွယ်ရေးခက်ခဲတဲ့  တိုင်းရင်သား လက်နက်ကိုင်အုပ်ချုပ်နယ်မြေအတွင်းအတွက် အခက်အခဲ ဖြစ်စေနိုင်ပေမယ့် ကျွန်တော်တို့ဆီကို  သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့်  အကြောင်းကြား အသိပေးနိုင်မယ်ဆိုရင် ညှိနှိုင်းကူညီဖို့ အဆင်သင့်ပါပဲ”ဟု ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ဆိုသည်။

ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်များပြန်လည်ထူထောင်ရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်မှန်ကန်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းသို့ ပြောခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲကို ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် GMSAEDCတို့ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ ဘားအံမြို့ရှိ အထက်ပါဌာန၊ အစည်းအဝေးခန်းမတွင် သြဂုတ်လ(၁၃)ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အတွင်းတွင် ဇူလိုင်လတတိယအပတ်က စတင်ပြီးမိုးရေ၊ တောင်ကျရေ၊ မြစ်ရေ၊ ချောင်း
ရေလွှမ်းမိုး၍ ရေကြီးရေလျှံခဲ့ရာ တောင်သူ၉၈၅၄ဦးခန့်၏ မိုးစပါးစိုက်ဧက ၁၉၁၂၂၅ဧကတွင် ရေဖုံးလွှမ်းမှု၅၄၄၁၄ဧက၊ ပျက်စီးဧက (၈၈၀၀)ကျော်ရှိနေကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဦးဝင်းလှိုင်ဦးက ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့်အတွက် ရေပြန်လည်ကျသွားသည်နှင့် စိုက်ပျိုးနိုင်ရန် ရက်တိုမျိုးဖြစ်သည့် နှံကောက်မျိုးစပါးများကို ရက်ပေါင်း၉၀နှင့် ၁၀၅ရက် စတင်ဖြန့်ဝေနေပြီဖြစ်ကြောင်း ပြောသည်။

သို့ဖြစ်၍ တောင်သူများအနေဖြင့် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရကနေ ထောက်ပံ့ပေးလျက်ရှိရာ မိမိတို့ရေကြီးနစ်မြုပ်ခံ စပါးများ အစား အချိန်မီစိုက်ပျိုးနိုင်ရန် မျိုးစပါးများရရှိရေးအတွက်  သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှုးများထံ စာရင်းပေးဖို့ တိုက်တွန်းပြောဆိုခဲ့သည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးတက္ကသိုလ် အငြိမ်းစားတွဲဖက်ပါမောက္ခ ဦးသိန်းဆုက ရေကြီးနစ်မြုပ်ခဲ့သည့် လယ်များပြန်လည်ထူထောင်ရေးနှင့် ခေတ်မီစိုက်စနစ်ဆိုင်ရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။ရေကြီးနစ်မြုပ်ခဲ့သည့်ဒေသများမှ ခရိုင်/မြို့နယ်/စိုက်ပျိုးရေးဝန်ထမ်းများ၊  မျိုးစေ့ထုတ်လုပ်သူများအသင်းနှင့် ပြည်နယ် ဆန်စပါးထုတ်လုပ်သူများအသင်း တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဆိုင်ရာလူမှုရေးအသင်းအဖွဲ့များလည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် ကွင်းဧကပေါင်း ၁၀၀၀၀ ကျော် ခန့်ရှိကြောင်း၊ တောင်သူများ ပြန်လည်ထွန်ယက်စိုက်ပျိုးရေးအတွက်မျိုးစပါးတင်း(၈၀၀၀)ကျော်ရှိကြောင်း သိရသည်။

ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် စက်သုံးဆီနှင့် မျိုးစေ့အတွက် ရန်ပုံငွေ ကျပ်သိန်း(၆၀၀) အပြင် ပြည်ထောင်စု အစိုးရကလည်း မျိုးစေ့ တင်း(၁၀၀၀) အတွက် ကျပ်သိန်း(၈၅၀) လျာထားကြောင်း၊  အကယ်၍ မလောက်ငပါက ထပ်မံဖြည့်ဆည်းပေးရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

စောအယ်လ်ဒီး

Advertisements
<

Leave a Reply