အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် စေခိုင်းသူများနှင့် အတူ ဓာတ်ပုံတွဲရိုက်ထားသည့် ပုံများအင်တာနက်တွင် ပြန့်နှံ့နေပြီး ဖေဖော်ဝါရီ ၂၅ ရက်က ပြည်ထဲရေးဝန်ကြီး ပြုလုပ်သည့် သတင်းစားရှင်းလင်ပွဲတွင် ဝန်ကြီး၏ပြောဆိုအချက်အရ လုပ်ကြံသတ်ဖြတ်သူများနှင့် တပူးတွဲ ရှိကာ လက်ဖက်ရည်ဆိုင်ထိုင် ခဲ့သည်ဟုဆိုသော ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုင်းဖြတ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းအား ဖေဖော်ဝါရီ ၂၈ ရက်က ပြည်သူ့လွှတ်တော်အပြီးတွင် မီဒီယာများ မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ရပါသည်။<!–more–>

မေး ။ ဦးကိုနီသတ်ခံရတဲ့ ကိစ္စနဲ့ပက်သက်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေက ဆရာ့သူငယ်ချင်းတွေ ဖြစ်နေတာနဲ့ ပက်သက်ပြီး ရှင်းပြပေးပါလား။
ဖြေ ။ သူငယ်ချင်းတွေဖြစ်တာက တစ်ပါတ်စဉ်တည်း သူငယ်ချင်းဖြစ်တဲ့အတွက် ခင်မင်တာ၊ ရင်းနှီးတာရှိတယ်။ လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာကလည်း အတူတူထိုင်ကြတာ။ ဒါနဲ့ပက်သက်ပြီးတော့ ထွက်လာတဲ့ ကောလဟလနဲ့ ပက်သက်ပြီးတော့လည်း ပြည်ထဲရေး ဝန်ကြီးဌာနက ကိုယ့်ကို ခေါ်မေးပြီးသွားပြီ။
ခေါ်မေးတဲ့အချိန်မှာလည်း ကိုယ်က သူတို့မေးတဲ့အတိုင်း သူတို့မေးတဲ့ မေးခွန်းတွေ၊ သူတို့မေးလာတဲ့ အချက်တွေကို ကိုယ်သိသမျှ အကုန်လုံးဖြေခဲ့တယ်။ ဖြေခဲ့ပြီးတော့မှ ဒါအခု သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အချိန်မှာ ဒါပက်သက်မှု မရှိဘူးဆိုတာကို ပြည်ထဲရေးဝန်ကြီးဌာနက ပြောတာဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ ဘာမှပြောစရာမရှိဘူး။

မေး ။ ပြည်ထဲရေးကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ကြီးပြောသွားတာက လက်ဘက်ရည်ဆိုင်ထိုင်တော့ ဦးဇေယျဖြိုး၊ ဦးအောင်ဝင်းဇော်တို့နဲ့အတူ ဆရာတို့ လက်ဖက်ရည်ဆိုင်ထိုင်တုန်းက သက်ဖို့ကိစ္စ ပြောတယ်လို့ ပြောတယ်။ အဲ့တာလေး ရှင်းပြပေးပါဦးခင်ဗျ။
ဖြေ ။ အဲ့တာကို ကိုယ်ပြောပြမယ်။ စစ်ကြောရေး သဘောတရားဆိုတာ ရှိတယ်။ စစ်ကြောတဲ့အခါမှာ ဟိုဘက်က ကျန်တဲ့သူတွေကို ဘယ်လိုစစ်ထားလည်း ကိုယ်လည်းမသိဘူး။ ကိုယ့်ကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာနက မေးတဲ့ဟာတွေကို ကိုယ်သိသမျှအကုန်ဖြေခဲ့တယ်။ ဖြေခဲ့ပြီးတော့မှ ဒီဟာက ဆက်စက်မှု မရှိဘူးလို့ သူတို့သုံးသပ်တဲ့အတွက် ကိုယ့်ကို ဆက်စက်မှု မရှိဘူးလို့ သူတို့ပြောတာပဲဖြစ်တယ်။ ကိုယ်ကတော့ ရိုးရိုးသားသား ရှင်းရှင်းပဲ။ ကိုယ့်ကိုပြောတယ်။ ဓာတ်ပုံတွေ ဖျက်လိုက်လို့ ဝိုင်းပြီးပြောကြာတယ်။ ကျွန်တော်ကတော့ ရိုးရိုးသားသား ကျွန်တော်တင်ထားတာဖြစ်တဲ့အတွက် မဖျက်ဘူးလို့ဆိုပြီးတော့ ပြောခဲ့တယ်။ ဒီဟာစပြီးတော့ ကောလဟလထွက်လာတဲ့သဘောမှာ ဘီဘီစီကနေပြီးတော့ အင်တာဗျူး လုပ်တယ်။ အပါတ်စဉ် ၃၆ ကလားဆိုပြီးတော့။ ဟုတ်ပါတယ်ဆိုတဲ့အချိန်မှာ သူတို့နှစ်ခါပြန်မေးတယ်။ ဒုတိယ တစ်ခေါက်မေးလို့ ကိုယ်ကရှင်းပြတယ်။ ရှင်းပြီးတော့မှ ဒီဟာကို ထုတ်လွှင့်တဲ့အခါကြတော့ ကိုယ်ပြောတဲ့ အတိုင်းတော့ လွှင့်ပါရဲ့ အောက်မှာ အရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူးနဲ့ လက်ရှိ တာဝန်ထမ်းဆောင်တဲ့ ရာထူးကို ပူးတွဲပြီးတော့မှ သူတို့က High Light လုပ်ပြီးတော့ ဖော်ပြလိုက်တယ်။ High Ligh တွေ ထွက်လာပြီးတော့ ဒီဟာကောလာဟလတွေ ထွက်လာတယ်။ ဓာတ်ပုံတွေကိစ္စ မေးတယ်။ ကိုယ်ပြောပြလိုက်တယ်။ ဒီဟောင်ကောင်သွားတဲ့ကိစ္စမေးတယ်။ ဟောင်ကောင်သွားတာကလည်း ကလေး စာမေးပွဲဖြေလို့ လိုက်သွားတာ။ မိဘတွေပါ ဖိတ်တဲ့အတွက် လိုက်သွားတယ်။ ဆုယူတယ်။ သွားတယ်။ သွားတဲ့အချိန်မှာ လေဆိပ်မှာတွေ့လို့ အားရဝမ်းသာနဲ့ ဓာတ်ပုံရိုက်လာတာ။ ဒီဟာပဲ ရှိတယ်။ အဲ့တော့ ကိုယ်က အဲ့အတိုင်းကို ရှင်းပြလိုက်တယ်။ ကိုယ်ကတော့ ကိုယ့်ဘာကိုယ် စိတ်ရှင်းရှင်းနဲ့ နေနေတာ။ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ် မအားပါဘူး။ အမ်ဘီအေ တက်တာနဲ့ဘာနဲ့ ဒီလိုမျိုးသွားနေတာ။ နောက်တစ်ခု ထပ်ပြောချင်တာက အခုဒီကောလဟလတွေ ထွက်တယ်။ ဓာတ်ပုံတွေနဲ့ ကိုယ်ရဲ့ မိသားစုပုံတွေ ဘာတွေနဲ့ ရှိတယ်။ အဲ့တာကတော့ ကိုယ့်ရဲ့ နိုင်ငံသားတစ်ယောက် အခွင့်အရေးနဲ့ ကိုယ့်မှာ ဥပဒေအရ အကာအကွယ်ရှိတယ်။ နောက်ကျလို့ရှိရင် ဒီလိုဟာမျိုးတွေကို ကိုယ်ကဒီအတိုင်းဆက်ပြီးတော့ နေမှာ မဟုတ်တော့ဘူး။ ဥပဒေအရ ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်။

မေး ။ ဦးကိုနီ သေဆုံးသွားရခြင်းနဲ့ပက်သက်ပြီး ပြောပြပေးပါလားဆရာ။
ဖြေ ။ ဆရာဦးကိုနီက လူတော်တစ်ယောက်၊ ဥပဒေကို တော်တော်ကျွမ်းကျွမ်းကျင်ကျင် နှံ့နှံ့ချွတ်ချွတ်ရှိတယ်။ သူရေးတဲ့ စာအုပ်တွေလည်း အကိုဖတ်ဖူးတယ်။ နှစ်ခါသုံးခါ သူပြောတဲ့ဟာတွေ နားထောင်ဖူးတယ်။ လူတော်တစ်ယောက်။ ဒီလိုမျိုးဖြစ်တဲ့ဟာလည်း ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ကိုယ်ကိုတိုင်လည်း ဒါကို စဉ်းစားလို့ မရဘူး။ သို့သော်လည်းပဲ ခုနပြောသလို ကိုယ့်ကိုမေးတယ်။ ဒီဟာကြီးနဲ့ ပက်သက်ပြီးတော့ ဒါက သက်သက်ဆွဲပြီးတော့ ဖွတာ။ ဒါသက်သက်ဆွဲဖွတာ။ ကိုယ်ကတော့ ကိုယ့်ဟာကို ရိုးရိုးသားသား ဖြစ်တဲ့အတွက် ကိုယ်ကတော့ ရှင်းရှင်းပဲရှိတယ်။ ဒီဟာနဲ့ပက်သက်ပြီးတော့ ခုနပြောသလို ဆက်လက်ပြီးတော့မှ ဒီလိုမျိုး ဆက်ပြီးတော့ ကိုယ်နဲ့ပက်သက်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ ယခုလက်ရှိ ပက်သက်နေတဲ့ အဖွဲ့အစည်းတွေကို သိက္ခာကျအောင် လုပ်လာမယ်ဆိုရင်တော့ ဥပဒေအတိုင်းဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။

မေး ။ ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောတာက ဦးအောင်ဝင်းခိုင်နဲ့ ဆရာရယ်။ ပြီးတော့ ဦးဇေယျာဖြိုးရယ် ထိုင်ပြီးတော့ ဦးဇေယျာဖြိုးက ဦးကိုနီကို သတ်ဖို့ တိုင်ပင်တယ်လို့ ပြောတယ်။ အဲ့တာ ဟုတ်ပါသလား။
ဖြေ ။ အဲ့တာက မဟုတ်ဘူး။ ကိုယ်လက်ဖက်ရည်ဆိုင်တယ်ဆိုတာ သူတို့နှစ်ယောက်တည်းနဲ့ မဟုတ်ဘူး။ ထိုင်တဲ့သူတွေက အများကြီး ကျန်တဲ့နိုင်ငံရေးသမားတွေလည်း ပါတယ်။ စီးပွားရေးသမားတွေလည်းပါတယ်။ နောက်ပြီးတော့ ဗေဒင်ဆရာတွေတောင်ပါတယ်။ အဲ့လိုထိုင်ကြတာ။ အဲ့လိုထိုင်တယ်။ အဲ့လိုမျိုး ပြောကြဆိုကြတာလည်း ရှိတယ်။ ပြောကြဆိုကြတာရှိတဲ့အတွက် ဒီဟာကလည်းကိုယ့် ရှေ့မှာလည်း ပြောတာမရှိဘူး။ ကိုယ့်ကိုလည်း လာပြောတာ မရှိဘူး။ အဲ့တော့ ဟိုဘက်က ဘယ်လိုတွေ ထွက်ထားလည်း ကိုယ်လည်းမသိဘူး။ ပြည်ထဲရေးက ဟိုဘက်က စစ်ဆေးချက်ကို ပြောတဲ့အတွက် ဘယ်လိုထွက်ထားသလည်း မသိဘူး။ ကိုယ်ကတော့ ကိုယ်ထိုင်တဲ့ဟာ ဘယ်သူဘယ်သူတွေပါတယ်ဆိုတာ ပြောပြပါတယ်။ အဲ့လူတွေ အကုန်ခေါ်မေးတယ်ဆိုတာ သိရတယ်။ အဲ့လူတွေလည်း အကုန်ခေါ်မေးတယ်။ ခေါ်မေးပြီးတော့မှ ကိုယ့်တုန်းကတော့ သူတို့မေးတဲ့ အချက်တွေကို သေချာဖြေခဲ့တယ်။ ဖြေပြီးတော့ ပြောပြခဲ့ပြီးတော့မှ ပြန်လာခဲ့တာ။ ပြီးခဲ့တဲ့ တစ်ပါတ်ကျော်၊ နှစ်ပါတ်လောက်က ခေါ်ပြီး ဒီကောလဟလနဲ့ ပက်သက်ပြီးမေးတာ။ ဒီကောလဟလက ဘယ်သူကြောင့် စပြီးတော့ လူမှုကွန်ယက်မှာ ပေါ်လာသလည်းလို့မေးတော့ ကိုယ်ပြောပြတယ်။ ကျွန်တော ်ဘီဘီစီကို ဖြေလိုက်တယ်လို့။ ဖြေပြီးနောက်ပိုင်းမှာ ကျွန်တော့်ဝေါထဲမှာ ကြည့်တယ်။ ဝေါထဲမှာ ကြည့်လည်း ကိုယ်က တမင်သက်သက် မဖျက်ပဲထားထားတာ။ ဖျက်စရာအကြောင်း မရှိဘူးလေ။ ကိုယ့်ဟာကိုယ် ကိုယ်ပိုင်လွပ်လပ်ခွင့်ရှိတယ်။ ဒါပေမယ့် အဲ့ဒီဟာတွေနဲ့ ပက်သက်ပြီးတော့ ခုနကပြောသလို သိက္ခာကျအောင်ရယ်။ နောက်တစ်ခါ ပိုပြီးတော့မှ ဒီဟာကြီးကို ကြီးကျယ်လာအောင်၊ ကြီးကျယ်လာအောင်ဆိုတာ အမှုကိုပြောတာ မဟုတ်ဘူးနော်။ ကိုယ်နဲ့ပက်သက်တဲ့ဟာတွေကို ကြီးကျယ်အောင် လုပ်နေတယ်ဆိုတာကို သက်သက်မဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ကိုယ်ကတော့ ထင်တယ်။

မေး ။ ပြည်ထဲရေးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ဘယ်လိုရှုမြင်ပါသလည်း။
ဖြေ ။ အဲ့နေ့က ကိုယ်မသိလိုက်ဘူး။ ဘွဲ့ယူနေတာ။ ပြန်လာပြီး ညနေကြတော့ သိတာ။ အဲ့ကြမှ ကိုယ်က ဖတ်ကြည့်ရတာ။ သတင်းစာရှင်းလင်းပွဲတုန်းက ပြည်ထဲရေးက ပြောသွားတာကလည်း ကိုယ့်ကိုစစ်တုန်းက အချက်တွေတော်တော်များများ ပါပါတယ်။ ပါသွားတာတွေ့တယ်။

မေး ။ ဦးကိုနီလုပ်ကြံမှုမှာ ပြည်ထဲရေးက အကြောင်းပြချက်ပေးသွားတာကို ဆရာလက်ခံပါသလား။
ဖြေ ။ ဒါကတော့ ဟိုဘက်က စစ်ကြောချက်တွေကို ကိုယ်မသိရဘူးလေ။ ကိုယ်က လွှတ်တော်အမတ် မဟုတ်ဘူး။ သာမန်လူတစ်ယောက်အနေနဲ့ကတော့ ဒါမျိုးကို စဉ်းတောင်မစဉ်းစားဘူး။ ဒါမျိုး မတွေးဖူးဘူး။ ဒါမျိုးတွေ တွေးတောင်မတွေးထားဘူး။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သုံးသပ်ချက်ကတော့ သူတို့ စစ်ကြောချက်တွေ တရားတွေ အခုဖမ်းမိထားတဲ့ တရားခံတွေရဲ့ စစ်ကြောချက်တွေပေါ် မူတည်ပြီးတော့ ပြောတာဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ဦးကိုနီလုပ်ကြံခံရပြီဆိုတဲ့အချိန်မှာ တရားခံဘယ်သူမှ မမိသေးတဲ့အချိန်မှာ တရားခံကို ဆရာ့အနေနဲ့ ခန့်မှန်းမိပါသလား။ အဲ့အချိန်တုန်းကကော ဆရာ့ကို ဆက်သွယ်တာတွေကော ရှိပါသလား။
ဖြေ ။ မရှိပါဘူး။ မရှိပါဘူးဆိုတာက ကိုယ်ကလွှတ်တော်တက်ဖို့ ဒီကိုပြန်လာနေပြီ။

မေး ။ ဦးကိုနီလုပ်ကြံလို့ ဖမ်းဆီးခံရတဲ့သူတွေရဲ့ နောက်ကွယ်မှာ ရှိသေးတယ်ဆိုပြီး ထင်ကြေးပေးနေတာတွေ ရှိပါတယ်။ ဆရာကလည်း သူတို့နဲ့သူငယ်ချင်းဖြစ်နေတာကြောင့် အဲ့အပေါ်ဘယ်လို ယူဆပါသလည်း။
ဖြေ ။ သူတို့က တကယ်ကို့ ကမ္ဘာပတ်နေတဲ့ စီးပွားရေးသမားတွေ။ ကိုယ်တို့ထက်တာတောင်မှ ပိုပြီးတော့ အမြင်ကျယ်တယ်။ ကိုယ်တို့ကလည်း လက်ဖက်ရည်ဆိုင်သွားထိုင်တယ်ဆိုတာ သူတို့ဆီက နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ သိချင်တယ်။ ဝမ်းစာဖြည့်အတဲ့ အနေနဲ့ အဲ့လိုမျိုးသွားထိုင်တာ။ နောက်တစ်ခါ အားတဲ့အချိန်မှာ သွားထိုင်တာပဲရှိတယ်။ အခုဟာက လက်ဖက်ရည်ဆိုင်ထိုင်တာ ဆင်ခြင်ရတော့မယ်။ အဲ့လို သွားထိုင်တာပဲ ဖြစ်တဲ့အတွက် သူတို့ရဲ့ နောက်ကို ကိုယ်တော့ မသိဘူး။ သူတို့ရဲ့ စိတ်ထဲမှာ ဘယ်လိုရှိလည်း မေးတဲ့အခါ အဲ့တာတောင် ပြောဖို့တော်တော်ခက်သွားပြီ။ ဘာဖြစ်လို့လည်းဆိုတော့ သာမန်ဆိုရင် သူတို့သည် လူကောင်းတွေလို့ ပြောရမှာ။ သို့သော်လည်း ဒီလိုမျိုးပါဝင်ပက်သက်နေတယ်လို့ ပြောတဲ့အခါမှာ ငါလည်းသူတို့ကို ဘယ်လိုရှိလည်းဆိုတာ ပြောရခက်သွားတာပေါ့။

Written by – ကိုပေါက်

Leave a Reply