လွတ်လပ်ရေးမတိုင်မီမှ ယနေ့ခေတ်အထိ မွန်တိုင်းရင်းသားအရေး၊ နိုင်ငံ့အရေးတို့တွင် စွမ်းစွမ်းတမံ မဆုတ်မနစ် ယုံကြည်ချက် ဆုံးဖြတ်ချက်မြဲခိုင်စွာ ကိုင်စွဲလျှောက်လှမ်း ရှေ့ဆောင်ခဲ့သည့် အဘိုး နိုင်ငွေသိမ်း ကွယ်လွန်ခဲ့ပါပြီ ။

“၁၉၉၀ တုန်းက ရွေးကောက်ပွဲကာလတွေမှာဆိုရင် သူ့ရဲ့ ပြောဆိုချက်တွေ၊ သူ့ရဲ့ သဘောထားတွေ၊ နိုင်ငံရေးရပ်တည်ချက်တွေ၊ အဲဒီကတည်းက ကျွန်တော်တို့ လေ့လာသင်ယူစရာတွေ မှီငြမ်းစရာတွေ အများကြီးရခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်ဆရာကြီးနဲ့စပြီး သိရှိခွင့်ရတဲ့ ကာလပေါ့” ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ဟင်္သာသို့ ပြောသည်။

အောက်တိုဘာ ၂ ရက်နေ့က အနိစ္စရောက်ခဲ့သော နိုင်ငွေသိမ်း သို့မဟုတ် မွန်တိုင်းရင်းသား ဝါရင့်နိုင်ငံရေးသမားကြီးနှင့်ပတ်သက်၍ အမှတ်ထင်ထင် စရှိခဲ့ပုံကို ၎င်းက ယင်းသို့ ပြန်ပြောင်းပြောပြသည်။
“သူဟာ သမိုင်းပေး တာဝန်ကို ကောင်းမွန်စွာ ကျေပြွန်စွာ အသက်ထက်ဆုံး ကြိုးစားရုန်းကန်ခဲ့ပြီး တမလွန်ခရီးစဉ်ကို ပြောင်းရွှေ့သွားသူ တစ်ယောက်အနေနဲ့ ကျွန်တော်တို့ ဝမ်းနည်းကြေကွဲရပါတယ်” နိုင်ငွေသိမ်းနှင့် မိမိတို့အနေဖြင့် နီးနီးကပ်ကပ် ပူးပေါင်းလျက် အတူတကွလုပ်ဆောင်ခဲ့သည့် ပုံစံမျိုး မရှိခဲ့သော်ငြား အတုယူနည်းမှီးဖွယ်များစွာကို စံပြုရရှိခဲ့ကြောင်း ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

၂၀၁၀ နောက်ပိုင်းရွေးကောက်ပွဲအပြီး ပြောင်းလဲလာသည့် နိုင်ငံရေးအခင်းအကျင်းတွင် နိုင်ငံရေးအရ မည်သို့ရှေ့ဆက်သွားသင့်သည်ကို ထပ်မံလမ်းပြပေးခဲ့ကြောင်း၊ နိုင်ငံရေးရပ်တည်ချက်တွေ ရရှိခဲ့ကြောင်း သူကဖြည့်စွက်ပြောသည်။

နိုင်ငွေသိမ်းကို အဖ နိုင်သာဒွန်းအောင်၊ အမိ မိငွေသုန်တို့မှ ၁၉၂၃ ခုနှစ် မတ်လ ၁၉ ရက် တနင်္လာနေ့တွင် ကရင်ပြည်နယ်ရှိ ထုံးအိုင် ဆိုသော ကျေးရွာကလေးမှာ မွေးဖွားခဲ့သည်။
အသက် (၁၅) နှစ်အရွယ် ဖျာပုံ အထက်တန်းကျောင်းသား ဘဝကတည်းက ကျောင်းသားသပိတ် ခေါင်းဆောင်အဖြစ် စတင်လှုပ်ရှားခဲ့သည်။ ဒါသည်ပင် သူ၏ နိုင်ငံရေးလှုပ်ရှားမှု ကနဦး နိဒါန်းအဖြစ် ဆိုနိုင်ပေသည်။

“ဖခင်က အစိုးရဝန်ထမ်းဆိုတော့ ဖခင်တာဝန်ကျရာ ဒေသတွေမှာ ဘဝကို ကျင်လည်ခဲ့တယ် ပြောရမယ်”ဟု နိုင်ငွေသိမ်း၏ ဘဝနောက်ခံအကြောင်းအရာများစွာကို ဟင်္သာသို့ အကျယ်တဝင့် ပြောပြရင်း နိုင်လယိတမကအထက်ပါအတိုင်း မှတ်ချက်ပြုသည်။

နိုင်လယိတမမှာ မွန်အမျိုးသားပါတီ MNP ၏ အထွေထွေအတွင်းရေးမှူး တစ်ဖြစ်လဲ မကြာသေးမီက ပေါင်းစုဖွဲ့စည်းခဲ့သော မွန်ပါတီ၏ တွဲဖက်အတွင်းရေးမှူး(၁)လည်းဖြစ်လေသည်။ နိုင်ငွေသိမ်း၏ ပုဂ္ဂလိကနှင့် နိုင်ငံရေးဘဝကို ဆယ်စုနှစ်ချီ လေ့လာသိရှိခဲ့သူ နိုင်လယိတမက ယခုလိုလည်း ထပ်မံကောက်ချက်ချပြခဲ့သည်။

လွတ်လပ်ရေးအကြိုကာလ၊ အိမ်စောင့်အစိုးရလက်ထက်၊ စစ်အုပ်ချုပ်ရေးခေတ် စနစ်အဆက်ဆက်တိုင် တိုင်းရင်းသားတန်းတူညီမျှရေးဆောင်ရွက်ခဲ့သူ နိုင်ငွေသိမ်းမှာ မွန်နိုင်ငံရေးသမားအချို့ မသဲကွဲ မပီပြင်သေးသည့်
အယူအဆနှင့် ရပ်တည်ချက်တို့ ရှိနေလျှင်ပင် ပီပြင်ပြတ်သားသည်အထိ လမ်းညွှန် အကြံပြုနိုင်ကြောင်းပင်။

နိုင်ငွေသိမ်းသည် ၁၉၄၀ လွန်ကာလ ဂျပ်စင်ကောလိပ် တက္ကသိုလ်ကျောင်းသားဘဝ တစ်လျှောက်လုံး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ တစူးတစိုက် လုပ်ဆောင်ခဲ့သည့်ပြင် BIA တပ်သို့လည်း ဝင်ရောက်ကာ ကျိုက်လတ်မြို့နယ်လုံခြုံရေးတာဝန်ကို ထမ်းရွက်ခဲ့သည်။ အာရှလူငယ်အဖွဲ့ချုပ်တွင် ပါဝင်ခဲ့သလို ဂျပန်တော်လှန်ရေးခေတ်တွင် ပြောက်ကျားအဖွဲ့ ၌ လှုပ်ရှားခဲ့သူပေ။

ဒုတိယကမ္ဘာစစ် လက်ကျန်ကာလ ၁၉၄၅ တွင် ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်တွင် အမှုဆောင်တာဝန်ယူခဲ့သော နိုင်ငွေသိမ်းမှာ စစ်ပွဲအပြီးတွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့၌ ဝင်ရောက်လှုပ်ရှားခဲ့သည်။
လွတ်လပ်ရေးမရမီ တစ်နှစ်က ဖားအောက်ရွာတွင် ကျင်းပသည့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မရလ) ညီလာခံမှ အတွင်းရေးမှူး တာဝန်ယူခဲ့ပြီး ယင်းအဖွဲ့ ကိုယ်စားလှယ် အဖြစ်ပင် ကရင်အမျိုးသားအစည်းအရုံး (KNU) ညီလာခံသို့ ဆက်လက်တက်ရောက်ဆွေးနွေးပါဝင်ခဲ့ပြန်သည်။

တိုင်းပြည်လွတ်လပ်ရေး ရပြီး ခြောက်လခန့်အကြာ ဇူလိုင်လကုန်လုနီးတွင် ဇာသပြင်ရဲစခန်း လက်နက်သိမ်းသည့်ကိစ္စနှင့် ပတ်သက်ပြီး မော်လမြိုင်တွင် နိုင်ငွေသိမ်း အကျဉ်းချခံရသည်။
ဇူလိုင်လကုန်ရက် ညဉ့်သန်းခေါင် မော်လမြိုင်ကို KNU တို့ ဝင်ရောက်စီးနင်းချိန်မှာ နိုင်ငွေသိမ်း လွတ်မြောက်လာခဲ့ပြီး KNU နှင့်အတူ မော်လမြိုင်ခရိုင်ကို သိမ်းပိုက်နိုင်ခဲ့သည်။ မွန်နှင့် ကရင် ပူးတွဲအုပ်ချုပ်မှု ရက်ပိုင်းမျှအကြာတွင် အစိုးရကိုယ်စားလှယ်အဖြစ် ကရင်ခေါင်းဆောင် စောဘဦးကြီး ရောက်ရှိလာပြီး သဘောတူညီမှုရရှိကာ မော်လမြိုင်မှ ဆုတ်ခွာခဲ့သည်။

နိုင်ငွေသိမ်း သံဖြူဇရပ်တွင် အခြေချစဉ် ၁၉၄၉ ခု၌ မွန်လက်နက်ကိုင်တိုက်ပွဲကိုစွန့်လွှတ်ရန် ထိုစဉ်က အာဏာရပါတီ ဖဆပလဘက်မှ လာရောက်ဆွေးနွေးခဲ့ရာတွင် မွန်ပြည်နယ်သတ်မှတ်ပေးရေး တင်ပြချက်ကို လက်မခံ၍ လက်နက် ဆက်လက် စွဲကိုင်ခဲ့ပေ၏။

လက်နက်ကိုင်တိုက်ပွဲဆင်ရန် အိမ်နီးချင်း တစ်ဖက်နိုင်ငံ ထိုင်းရောက်မွန်တို့ထံပင်အရောက်ခြေဆန့်၍ စည်းရုံးရေးဆင်းခဲ့သူလည်း ဖြစ်သည်။
၁၉၅၂ ဖေဖော်ဝါရီတွင် မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုဖွဲ့စည်းရာတွင် ဥက္ကဋ္ဌတာဝန်ယူခဲ့သလို ၁၉၅၄ တွင် မွန်ပြည်သူ့တပ်ဦး ဖွဲ့စည်းရာ၌ဗဟိုအလုပ်အမှုဆောင်အဖြစ် နိုင်ငွေသိမ်း ပါဝင်ထမ်းရွက်ခဲ့သည်။
မွန်ပြည်သူ့တပ်ဦးမှာ ၁၉၅၈ တွင် ဖဆပလအစိုးရနှင့် လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရေး သဘောတူညီမှုရရှိပြီး ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်ဒေသအသီးသီးသို့ မွန်အမျိုးသားလမ်းစဉ်၊ မွန်ပြည်နယ်ရရှိရေး လုပ်ငန်းစဉ် စည်းရုံးရေးခရီးစဉ် ခြေဆန့်ခဲ့ကြပြန်သည်။

နိုင်ငွေသိမ်း၏ နိုင်ငံရေးခရီးကြမ်းမှာ တိမ်မယောင်နှင့် နက်ပြီး လွယ်မယောင်နှင့်ခက်ခဲကြောင်း ကိုယ်တိုင်ပြုစုခဲ့သောဇာတိမြေမှ ယနေ့တိုင်စာအုပ်တွင် လေ့လာနိုင်ကြပေသည်။
၁၉၆ဝ လွန်ကာလဝယ် မွန်ပြည်နယ် ဖော်ထုတ်ရေး အလုပ်ကော်မတီ (ဗဟို) တာဝန်ယူခဲ့ပြီး တိုင်းရင်းသားပေါင်းစုံ ပါဝင်သော တောင်ကြီးညီလာခံ တက်ရောက်၍ ပြည်နယ်များညီညွတ်ရေးအဖွဲ့တွင် ဦးဆောင် တာဝန်ယူသည်။

မွန်တိုင်းရင်းသားအရေးသာမက အခြားသော တိုင်းရင်းသားအသီးသီးတို့၏ သာတူညီမျှရေး တန်းတူရေးလှုပ်ရှားမှုပင်။
၁၉၆၂ နှစ်ဆန်းပိုင်း ရန်ကုန်တွင်ကျင်းပသည့် လူမျိုးပေါင်းစုံ လိုလားသော ပြည်ထောင်စုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ရာ ဗိုလ်နေဝင်း အာဏာသိမ်းပြီး ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူမှာလည်း နိုင်ငွေသိမ်းပါပေ။

နောက်တစ်နှစ် ၁၉၆၃ တွင်မှာတော့ ပြည်ထောင်စုအရေး လှုပ်ရှားသူ နိုင်ငွေသိမ်းမှာ ပြည်တွင်းငြိမ်းချမ်းရေးကို ထပ်ဆောင်း ကြိုးပမ်းခဲ့တော့သည်။
ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီဖွဲ့စည်းရာတွင် တနင်္သာရီဒေသ၌ တာဝန်ယူခဲ့သည်။ ထိုနှစ်တွင် မိနှင်းစိန်နှင့် ဘဝလက်တွဲ အကြောင်းပါခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာလလယ်တွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ကာ နိုင်ငွေသိမ်းလည်း တစ်ကျော့ပြန် ထောင်နန်းစံရပြန်သည်။ ငါးနှစ်အကြာတွင် ထောင်မှ လွတ်မြောက်လာပြီ ဖြစ်သော်လည်း အပြည့်အဝတော့ မဟုတ်ခဲ့ချေ။ ရန်ကုန်မြို့ နယ်နိမိတ်အတွင်း အကျယ်ချုပ်သာ။

ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် တိုင်းရင်းသားအဖွဲ့များနှင့်အတူ ဦးဆောင်လှုပ်ရှားခဲ့သည်။ အရေးတော်ပုံအပြီး ၁၉၈၉ တွင် မွန်အမျိုးသားဒီမိုကရေစီပါတီတည်ထောင်ပြီး ပါတီဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဘားအံမဲဆန္ဒနယ်မှ အရွေးခံသော်လည်း အနိုင်မရခဲ့ပေ။

လွှတ်တော်ခေါ်ယူရေး ဂန္ဒီစာတမ်း ကြေညာချက်၊ ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက် အမှတ်(၁) တို့ကို နဝတစစ်အစိုးရထံ အခြားအဖွဲ့တို့နှင့် ပူးတွဲထုတ်ပြန်သည်။
၁၉၉၁ ခုတွင် နိုင်ငံရေးနှင့်ဆက်နွှယ်သည့် သင်တန်းပို့ချမှု၊ စာအုပ်ထုတ်ဝေမှုဖြင့် ထောင်ဒဏ် (၂၁) နှစ်ချမှတ်ခံရပြန်လေသည်။

အကျဉ်းစံအဖြစ်မှ မွန်ပြည်သစ်ပါတီ၏တောင်းဆိုမှုဖြင့် ၁၉၉၄ တွင် လွတ်မြောက်လာသည်။ သို့သော်လည်း မွန်ပြည်သစ်ပါတီသို့ ၁၉၉၈ သြဂုတ်တွင် ပေးပို့သော “နဝတ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည်” အကြံပြုစာတမ်း ရေးသားမှုကြောင့် ထောင်(၇)နှစ် ချမှတ်ခံရပြန်လေသည်။

မော်လမြိုင်ထောင်မှ ၂၀၀၅ နှစ်လယ်တွင် ပြန်လည်လွတ်မြောက်ခဲ့ပြီး (၂၃) ဦး ဝါရင့်နိုင်ငံရေးသမားဟောင်းအဖွဲ့ ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNAအဖွဲ့တို့တွင် ဆက်လက် ဆောင်ရွက်သည်။

“ဖက်ဒရယ်ဆိုတာ ပေါင်းစည်းရေးဖြစ်တယ်” ဟု နိုင်ငွေသိမ်းက ဆိုခဲ့သည်။

၂၁ ရာစု ပင်လုံ ညီလာခံကို ရှေးရှုဦးတည်သော ကလေးမြို့ ကြေညာစာတမ်းကို ၂၀၁၀ အောက်တိုဘာ၌ ဦးဆောင်လက်မှတ်ရေးထိုးခဲ့သည်။

မွန်အမျိုးသားဒီမိုကရေစီပါတီ MDP ကို ၂၀၁၂တွင် ဖွဲ့စည်းရာ ဥက္ကဋ္ဌဖြစ်လာသည်။ သုံးနှစ်အကြာတွင် မွန်အမျိုးသားပါတီ MNP အဖြစ် အမည်ပြောင်းလဲပြီးနောက် ပထမအကြိမ် ပါတီညီလာခံ၌ ဥက္ကဋ္ဌအဖြစ် တာဝန်
အပ်နှင်းခံရသည်။

ကျန်းမာရေးအရ ပါတီတာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသဖြင့် ဥက္ကဋ္ဌအဖြစ်မှ ရပ်နားခွင့်ပြုရန်တောင်းဆိုခဲ့ပြီး ပါတီ၏ ဂုဏ်ထူးဆောင်နာယကအဖြစ် မူထမ်းရွက်ခဲ့သည်။
“မိမိပါတီကို ခိုင်ခန့်သော တန်းတူရေးနှင့် ဒီမိုကရေစီရေးကို ဆက်လက်ဆောင်ရွက်ရန် အားထုတ်ရပါမည်။ ဤတာဝန်ကို မကျေပွန်ပါက သမိုင်းတွင် နိုင်ငံရေးပါတီတစ်ရပ်အနေနှင့် အမည်းစက် ထင်ကျန်ရစ်ပါမည်”ဟူ၍ နိုင်ငွေသိမ်းက ဖွင့်ဆိုခဲ့ဖူးပေသည်။

MNP အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သူ နိုင်လယိတမက နိုင်ငွေသိမ်းမကွယ်လွန်မီ ကာလအတွင်း မွန်တစ်ပါတီတည်း ပေါင်းစည်းနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ သို့သော် ဒီမိုကရေစီရေး ဖယ်ဒရယ်ရေးတို့အတွက် နိုင်ငွေသိမ်းယုံကြည်ချမှတ်ရာ လမ်းစဉ်အတိုင်း ခရီးဆက်ကြရန်ရှိကြောင်း မှတ်ချက်ပြုသည်။

လွှတ်တော် ဒု ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကလည်း ဆယ်စုနှစ်ရှည်ကြာ နိုင်ငွေသိမ်း ဖြတ်သန်းခဲ့သော နိုင်ငံရေးခရီးကြမ်း၏ ရလဒ်ကောင်းကို သူမြင်တွေ့မသွားခဲ့ရစေကာမူ ရှေ့ဆက်ရမည့်လမ်းအတွက် မူဝါဒအုတ်မြစ်
ကောင်းကို နိုင်ငွေသိမ်း အနေဖြင့် တိတိပပ ချမှတ်ပေးနိုင်ခဲ့ကြောင်း ယုံကြည်သည်ဟု ဆိုသည်။

မွန်တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်နက်နှင့်ရော လက်နက်မဲ့ပါ အထူးထူးအဖုံဖုံ တိုက်ပွဲဆင်နွှဲခဲ့သူ ရာမညဌာနီမှ မီးရှူးတန်ဆောင်ကား ကြွေလွင့်ခဲ့ချေပြီ။
မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ကတော့ယခုလို မှတ်ချက်ပြု၏။

“ဆရာကြီးက ကျွန်တော်တို့ မွန်အမျိုးသားနိုင်ငံရေးသမိုင်းတစ်လျှောက်လုံးမှာ နည်းလမ်းအသွယ်သွယ်နဲ့ ကြိုးစားရုန်းကန်လှုပ်ရှားလာတဲ့ နိုင်ငံရေးသမားကောင်းတစ်ယောက်ဖြစ်တယ်။ မွန်အမျိုးသားတစ်ရပ်လုံးအတွက် နိုင်ငံရေးခေါင်းဆောင်ကောင်း တစ်ယောက်လည်း ဖြစ်တယ်” ဟူ၍။

Written by ခေတ်မင်း

Leave a Reply