မော်လမြိုင်၊ ဖေဖေါ်ဝါရီ ၂၆ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ စမ်းမြသီတာရပ်၊ ရွှေဝါလမ်းတွင် လင်နောက်လိုက်ပြေးသည့် ဇနီးသည်ကို ခင်ပွန်းဖြစ်သူက ဖေဖေါ်ဝါရီ ၂၄ ရက်က တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အရေးယူပေးရန် အမှုဖွင့်တိုင်ကြားထားကြောင်း ဇေယျာသီရိနယ်မြေ ရဲစခန်းမှ သိရသည်။

လင်နောက်လိုက်ပြေးသူ မသန်းနိုင် (ခ) မသဲအေးလှိုင်သည် ဖေဖေါ်ဝါရီ ၁၈ ရက်ညက သားသမီးလေးဦးနှင့် အတူ အိပ်ရာဝင်ခဲ့ပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးလေးမြင့်က အိပ်ယာမှနိုးလာစဉ် ဇနီးဖြစ်သူကို မတွေ့ရှိတော့ဘဲ ဇနီးသည် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုနောက် ဦးလေးမြင့်က ရပ်ကွက်အတွင်း စုံစမ်းရှာဖွေရာ ဖေဖေါ်ဝါရီ ၁၉ ရက် နံနက် ၈ နာရီ အချိန်ခန့်တွင် ဇနီးဖြစ်သူမှာ တစ်ရပ်ကွက်တည်းနေ အသက် ၁၅ နှစ်ခန့်ရှိသူ မောင်ဇော်ဇော်ဝင်းနှင့် ပေါင်မြို့နယ်၊ မုတ္တမသို့ ခိုးရာလိုက်ပြေးသွားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဦးလေးမြင့်သည် လွန်ခဲ့သော ၁၄ နှစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အရှေ့ဖျားကျေးရွာနေ မသန်းနိုင်နှင့် တရားဝင် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ရာ သားသမီးလေးဦး ထွန်းကားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မသန်းနိုင်ကို ၎င်းခင်ပွန်းဖြစ်သူ ဦးလေးမြင့်က အမှုဖွင့်တိုင်ကြားခြင်းကြောင့် ဇေယျာသီရိ နယ်မြေရဲစခန်းတွင် (ပ) ၁၇/၂၀၁၆
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၃ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

Leave a Reply