Advertisements

မော်လမြိုင် မတ်

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် စည်းကမ်းပျက်ယာဉ်များကို ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင်စစ်ဆေးဖမ်းဆီးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး လင်းယုန်စီမံချက်နောက်ဆုံးလမရောက်မီ နှစ်ပတ်အတွင်း စည်းကမ်းပျက်ယာဉ်အမှု ၄,၀၀၀ နီးပါး ဖမ်းဆီးရမိကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

စည်းကမ်းပျက်ယာဉ်များကို မတ် ၁၀ ရက်မှ ၂၃ ရက်နေ့အထိ နှစ်ပတ်တာအတွင်း မော်တော်ယာဉ် ၁၇၆ မှု၊ ဆိုင်ကယ်အမှု ၃၆၃၀ ၊ ထော်လာဂျီ ၉ မှု၊ ဘေးတွဲယာဉ် ၂၈ မှုနှင့် သုံးဘီးယာဉ် ၄၇ မှု ၊စုစုပေါင်း ၃၈၉၀ မှုကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

လင်းယုန်စီမံချက်သည် ၂၀၁၉ ခုနှစ် မဟာသြင်္ကန်ကာလအတွင်း၌လည်း ရပ်နားပေးသွားမဟုတ်ဘဲ စည်းကမ်းပျက်ယာဉ်များကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

“စီမံချက်တစ်ခုက ပျက်သွားလို့မရဘူး။ ဒီအတိုင်းပဲ ဆက်သွားနေမှာ၊ စည်းကမ်းရှိရှိနဲ့ နံပါတ်ပြားတပ်မယ်၊စည်းကမ်းနဲ့အညီမောင်းနှင်မယ်၊ ဆိုင်ကယ်ဦးထုပ်ဆောင်းမယ်ဆိုရင် ပြဿနာမရှိဘူး။ အရက်သေစာသောက်စားပြီး မူးယစ်ပြီးမောင်းတဲ့သူတွေ တစ်ခုခုသုံးစွဲပြီးတော့မှ လုပ်နေတဲ့သူတွေ အားလုံးကို ဒီစီမံချက်ရဲ့ နောက်ဆုံးလဖြစ်တဲ့ သင်္ကြန်ကာလမှာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ဆိုသည်။

မွန်ပြည်နယ်အတွင်း လင်းယုန်စီမံချက်စတင်အကောင်အထည်ဖော်သည့်နေ့မှ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရမိမှုမှာ မော်တော်ယာဉ် ၄၇၃ မှု၊ ထော်လာဂျီ ၁၁ မှု၊ ဘေးတွဲဆိုင်ကယ် ၇၃ မှု၊ သုံးဘီးဆိုင်ကယ် ၁၁၂ မှုနှင့် ဆိုင်ကယ် ၇,၃၁၆ မှု၊ စုစုပေါင်း ၇,၉၈၅ မှုကို ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည်။

ခေတ်မင်း

Advertisements
<

Leave a Reply