Advertisements

မေ ၂၇၊ မော်လမြိုင်

လင်းယုန်စီမံချက် ရက် ၁၀၀ စမ်းသပ်ကာလတွင် စီမံချက်အောင်မြင်မှု ၃၀ ရာခိုင်နှုန်းသာ ရှိကြောင်း မွန်ပြည်နယ် ယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုဥက္ကဋ္ဌ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး နေထွဋ်ဦးက ပြောသည်။

မေလ ၂၇ ရက်နေ့ မော်လမြိုင်မြိုကမ်းနားလမ်းရှိ ငွေမိုးဟိုတယ်တွင် ကျင်းပသော မွန်ပြည်နယ် ယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီနှင့်အရပ်ဖက်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“လင်းယုန်စီမံချက်ကို အောင်မြင်တယ်လို့ ပြောကြသော်လည်း ကျွန်တော်တို့ အမှန်တကယ် သတ်မှတ်တာ ၃၀ ရာခိုင်နှုန်းပဲ အောင်မြင်မှုရှိတယ်” ယဉ်အန္တရာယ် ကင်းရှင်းရေး ကောင်စီ ဒုဥက္ကဋ္ဌက ဆိုသည်။

လင်းယုန်စီမံချက်ကို မြို့နယ်အလိုက် ဆောင်ရွက်မှုရှိနေပြီး ပြစ်မှုအများဆုံးမှာ မော်လမြိုင်ဖြစ်သည်ဟု ဝန်ကြီးကပြောသည်။

စီမံချက် အားနည်းနေရခြင်းမှာ ဥပဒေအရပြင်ဆင်သင့်တဲ့ အပိုင်းများ ရှိနေပြီး တခြားဒီမိုကရေစီ နိုင်ငံများ နည်းတူ ကျင့်သုံးသင့်ကြောင်း ဝန်ကြီးကဆိုသည်။

ယင်းတို့ဖြစ်ရခြင်းမှာ လူတစ်ဦးခြင်းစီ၏ စည်းကမ်းလိုက်နာမှု အပိုင်း အားနည်းနေခြင်းကြောင့် ဖြစ်ရသည်ဟု ဆိုသည်။

လင်းယုန်စီမံချက် ရက်၁၀၀အတွင်းတွင် ယာဉ်တိုက်မှု သိသိသာသာ လျော့နည်းသွားခြင်း မရှိကြောင်း ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။

သတ်မှတ်ထားသည့် စည်းကမ်း မလိုက်နာခြင်း၊ ဘက်ကြည့်မှန် မကြည့်ခြင်းနှင့် ဖမ်းစီးခြင်းကို အတင်း ရှောင်ဖယ်ထွက်ပြေးခြင်းကြောင့် ယာဉ်အန္တရာယ် ပိုဖြစ်ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“စီမံချက်ရှိတယ်ဝင်လာတဲ့သူကိုဖမ်း ဖုံးကွယ်ပြီးတော့ လုပ်ရမယ့်ကဏ္ဍမဟုတ်ဘူး၊ အဖမ်းမခံလို့ အတင်း ထွက်ပြေးရင် လူအသက်ဆိုတာရှိတယ် မဖမ်းနဲ့တော ဖမ်းလိုက်လို့ရှိရင် တပ်ဖွဲ့သူတွေကို တိုက်မိနိုင်သလို တစ်ဘက်ယာဉ်ကြောကသူတွေကိုလဲ အန္တရာယ်ဖြစ်စေနိုင်တယ်”ဟု ဆိုသည်။

ယာဉ်စည်းကမ်းလိုက်နာမှုမရှိဘဲ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုနှုန်း ပိုများကြောင်း မွန်ပြည်နယ် ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဇော်ကပြောသည်။

လင်းယုန်စီမံချက်အတွင်းတွင် ဆက်စပ်ဖမ်းစီးမှုအဖြစ် မူးယစ်ဆေးဝါးအမှု ၅မှု လိုင်စင်မဲ့ယာဉ် ၂၅ မှု ပိုင်ရှင်မဲ့ယာဉ် ၂၆ မှု တို့ကိုလည်း ဖမ်းဆီးရရှိခဲ့သည်။

လင်းယုန်စီမံချက်ကို ၂၀၁၉ခုနှစ် ဇန်နဝါရီလလယ်တွင် စတင်ခဲ့သော လင်းယုန်စီမံချက်တွင် ရက်၁၀၀ အတွင်း ယာဉ်အမှုပေါင်း နှစ်သောင်းကိုးထောင်ကျော်ရှိပြီး ဒဏ်ကြေးငွေသိန်း ၉ ထောင်ခန့် ရရှိခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် အရပ်ဘက်အဖွဲ့အစည်းများက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပျက်ယွင်းမှုများမှ အများစု တွေ့မြင်နေရမှုကို တင်ပြခဲ့ကြပြီး ရှေ့ဆက် ပူးပေါင်းကြမယ့် အစီအစဉ်များ ဆွေးနွေးခဲ့ကြသည်။

ရန်လင်းအောင်

Leave a Reply