မွန်ပြည်နယ်ရှိ ၁၀ မြို့နယ်တွင် စည်းကမ်းပျက် ယာဉ်များ ဖမ်းဆီးအရေးယူရေး ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် ဇန်နဝါရီ ၁၅ ရက်က စတင် ဆောင်ရွက်ခဲ့။

မော်လမြိုင် ဇန်နဝါရီ

မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်တွင် စည်းကမ်းပျက် ယာဉ်များ ဖမ်းဆီးအရေးယူရေး ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် ဇန်နဝါရီ ၁၅ ရက်က စတင် ဆောင်ရွက်ခဲ့ရာ ၂၄ ရက်အထိ ၁၀ ရက်တာကာလအတွင်း အမှုပေါင်း ၄,၀၀၀ နီးပါး ဖမ်းဆီးအရေးယူထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

စီမံချက်ကာလအတွင်း လက်ရှိအချိန်အထိ မော်တော်ယာဉ် ၂၇၅ မှု၊ ဆိုင်ကယ် ၃,၃၁၇ မှု၊ ဘေးတွဲဆိုင်ကယ် ၃၅ မှု၊ သုံးဘီးဆိုင်ကယ် ၅၃ မှု၊ ထော်လာဂျီ ၄ မှု၊ စုစုပေါင်း ၃၆၈၄ မှုကို ဖမ်းဆီးအရေးယူထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ပြည်နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်သွားလာရေးနှင့် စပ်လျဉ်း၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “၂၀၁၈ ခုနှစ်တုန်းကတည်းက ဆောင်ရွက်ခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တယ် ဆိုပေမယ့်လည်း အောင်မြင်မှုဟာ ဆောင်ရွက်စဉ် ခဏမှာ ဦးထုပ်ဆောင်းလာတာ တွေ့ရတယ်။ အဲဒါ ပြီးသွားရင် ဆောင်ရွက်တာ အားလျော့သွားတာနဲ့ ထုံးစံအတိုင်းပဲ ဦးထုပ်မဆောင်းဘဲနဲ့ စည်းကမ်းလျော့နည်းမှုတွေ တွေ့ရှိပြီးတော့ အသက်ဆုံးရှုံးမှုတွေ လျော့နည်းလာခြင်းမရှိတာကို မြင်တွေ့ရတယ်” ဟု ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

သို့ဖြစ်၍ ပြည်သူလူထု အသက်အန္တရာယ် မဆုံးရှုံးစေရန်၊ ပြည်သူလူထု ကိုယ်လက်အင်္ဂ ါများ မဆုံးရှုံးစေရန် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရေး တာဝန်ရှိလာသည့်အတွက်ကြောင့် လင်းယုန်စီမံချက်ကို အကောင်အထည်ဖော်ရခြင်း ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက စီမံချက်နှင့်စပ်လျဉ်း၍ “ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့မှ အပြင်မှာ ပိုက်ဆံဆောင်ရတယ်ဆိုရင် တိုင်ကြားပါ။ လမ်းဖွင့်ပေးထားခဲ့ပါတယ်။ တိုင်ကြားပါ။ တိတိကျကျပြောဆိုပါ”ဟု ပြောဆိုထားသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မိ၍ သက်ဆိုင်ရာ၏ ဖမ်းဆီးခြင်းခံရသော ယာဉ်များအနေဖြင့် ဒဏ်ကြေးငွေကို တရားရုံးတွင်သာ ပေးဆောင်ကြရန် အတိအလင်း အသိပေးကြေညာထားသည်။

ခေတ်မင်း

Leave a Reply