လင်းယုန် စီမံချက်အပေါ် သူတို့၏ အမြင် (VOX POP)

မွန်ပြည်နယ်၏ မြို့နယ် ၁၀ မြို့နယ်စလုံးတွင် ရက် ၁၀၀ စီမံချက် (ခေါ်) လင်းယုန်စီမံချက်အရ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုတို့ကို ဇန်နဝါရီ ၁၅ ရက်မှ စ၍ ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိပြီ ဖြစ်သည်။ ထိုသို့ လုပ်ဆောင်မှုနှင့် ပတ်သက်၍ သဘောထား အမြင်များကို ဟင်္သာမီဒီယာက ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ကိုကျော်စံဝင်း
နိုင်ငံရေး လေ့လာသူ။

စီမံချက်က ကောင်းပါတယ်။ တစ်ခုတော့ရှိတယ် စီမံချက်ကာလပြီးရင် ဘာလုပ်မလဲဆိုတဲ့ဟာ ထည့်ပြီးစဉ်းစားထားနိုင်ရင်ကောင်းမယ်။ လက်ရှိမှာကလည်း မော်လမြိုင်အနေနဲ့မှ မဟုတ်ပါဘူး မွန်ပြည်နယ်တစ်ခုလုံးအနေနဲ့ စည်းပျက်ကမ်းပျက် မောင်းတာတွေရှိနေမှာပဲ။ လင်းယုန်စီမံချက်ဆိုပြီးတော့ ရှင်းလင်းပွဲ တစ်ခေါက်လုပ်လိုက်တုန်းက စီမံချက်ကာလ ရက် ၁ဝဝ အတွင်းမှာ ဘာလုပ်သွားမယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေကို ရှင်းလင်းပြောဆိုသွားတယ်လို့ အကြမ်းဖျင်းအားဖြင့် နားလည်တာပေါ့နော်။ စီမံချက်ပြီးသွားရင်ရော ဘာဆက်လုပ်မယ်ဆိုတဲ့ဟာလေး ကျွန်တော်တို့ အဲဒါလေးတော့ မကြားရသေးဘူး။

ပြောရမယ်ဆိုရင် မနေ့က တစ်ရက်တည်းကို အစီးရေ ရာနဲ့ချီပြီး အရေးယူ ဆောင်ရွက်သွားတဲ့ကိစ္စရှိတယ်။ ဒါကို ဘယ်ကနေ ဆောင်ရွက်မှာလဲ။ ဥပမာ စခန်းကပဲလား တရားရုံးကလား ဒါတွေရှိလာတယ်။ နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အခါမှာ အစီးရေ ရာနှင့်ချီဖြစ်လာတယ်ဆိုရင် နောက်ပိုင်းတွေမှာ တရားရုံးရဲ့ အခက်အခဲ၊ ပါဝင်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေရဲ့ အခက်အခဲ ဘာတွေရှိလာနိုင်မလဲ။ နောက်တစ်ခုက စီမံချက်ပြီးသွားတဲ့အခါမှာ ဘာတွေ ဆက်လုပ်ကြမလဲဆိုတဲ့ စီမံချက်အပြီးကာလ အဲဒါနှင့်ပတ်သက်ပြီးတော့ ပြည်သူကို သတင်းထုတ်ပြန်မှုတွေ ဆက်လုပ်ပေးသင့်တယ်လို့ထင်တယ်။ အကြမ်းဖျင်းပြောရရင် ဒီစီမံချက်ကို ကြိုဆိုပါတယ်။ ဖမ်းတာက ရဲကဖမ်းတာ။ လက်ခံတယ်ဗျ။ ရဲကဖမ်းပြီးပေမယ့် စီရင်ချက်ချလို့မရဘူး။ တရားရုံးပို့ရတယ်။ အဓိကက ဖမ်းတဲ့ဟာက ဘာလုပ်ချင်တာလဲ။ ဆိုင်ကယ်ကိုဖမ်းပြီး သိမ်းချင်တာလား။ ဒါမှမဟုတ်ရင် လူတွေကို ပိုပြီးစည်းကမ်းရှိစေချင်တာလား။

ကျွန်တော်ထင်တယ် နယ်လုံကတော့ လူတွေကို စည်းကမ်းရှိစေချင်တဲ့အထဲမှာ ပါတာပေါ့ဗျာ။ ဆိုရင်တော့ ပြည်သူ့ရေးရာ မူဝါဒနှင့်ဆိုင်တာပေါ့။ ဥပမာ ဖမ်းလိုက်တယ် ဆိုင်ကယ်လိုင်စင်မပါဘူးဆိုရင် လိုင်စင်ဘယ်လိုလုပ်ပေးဖို့စဉ်းစားလဲ။ ဦးထုပ်မပါဘူးဆိုရင် ဦးထုပ်ဘယ်လိုပေးမလဲ။ ဒီလိုအကြောင်းတွေ စဉ်းစားနိုင်ရင် ပိုပြီးတော့ကောင်းမယ်။ ကျွန်တော်ခုနကပြောသလိုပဲ တရားရုံးကို အစီးရေ ရာနှင့်ချီပြီး နေ့တိုင်းရောက်သွားမယ်ဆိုရင် ပထမနေ့ အစီး ၁ဝဝ ရောက်မယ်။ ဒုတိယနေ့လည်း ၁ဝဝ လောက်ရောက်မယ်။ ဒါဖြင့် ပထမနေ့ ၁ဝဝ ကို ဒုတိယနေ့မှာမှ စီစဉ်မှာ။ တရားရုံးရဲ့ ဆုံးဖြတ်ချက်က ဆိုင်ကယ်တစ်စီးလောက်ကို ကျွန်တော်တို့အချိန်ဘယ်လောက်ပေးမလဲ။ ဆယ်မိနစ်ပေးမယ်ဆိုရင် တစ်စီးကို ဆယ်မိနစ်ဆို တစ်နာရီကိုမှ ခြောက်စီးပဲပြီးမယ်။ တစ်ရက်ကို ရုံးချိန်က ၈ နာရီဆိုရင် တစ်ရက်ကို အစီး ငါးဆယ်တောင် မပြီးဘူး။ အဲတော့ တရားရုံးက တခြားအလုပ်တွေ ဘာမှမလုပ်ဘဲ ဒီအလုပ်ကို သက်သက်လုပ်နေရမယ့်ဟာတောင်မှ တစ်ရက် အစီး ၅ဝ လောက် အနိုင်နိုင်ပြီးရမယ့်ကိစ္စလေ။ ဒါတွေလည်း ကြိုပြီးစဉ်းစားထားသင့်တယ်ထင်တယ်။ အခုက မစဉ်းစားဘဲ ဇွတ်လုပ်လိုက်တော့လည်း သိပ်ပြောစရာတော့ မရှိပါဘူး။ ကောင်းမယ်ထင်လို့လုပ်တာပဲ။ မူဝါဒတစ်ခုကို စဉ်းစားရင် အဲဒီမူဝါဒကို လိမ့်ပတ်လည်အောင် စဉ်းစားဖို့တော့ လိုတယ်ဗျ။ အဓိကက အခုလုပ်လိုက်တဲ့ စီမံချက်သည် ပြည်သူ့ရေးရာမူဝါဒနဲ့ ဆိုင်တယ်လို့ စဉ်းစားရင် ပြည်သူ့ရေးရာမူဝါဒ တစ်ပတ်လည်အောင် ဆုံးဖြတ်ပြီးတော့ ဒီစီမံချက်ကို လုပ်သင့်တယ်လို့ထင်တယ်။

ဒေါ်ခိုင်ခိုင်လဲ့
ဥက္ကဋ္ဌ၊ ဥပဒေပြုရေး ဆိုင်ရာ ကော်မတီ၊ မွန်ပြည်နယ် လွှတ်တော်။

ကောင်းပါတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းစနစ်တကျ ဖြစ်ဖို့လုပ်တာဆိုတော့ ကောင်းပါတယ်။ စနစ်တကျ ဖြစ်ဖို့ဆိုတာတော့ အမြဲတမ်းလုပ်ရင် ကောင်းတာပေါ့။ အချိန်ပြည့် မလုပ်ဘူးဆိုတာက ရဲကဒါကို အမြဲတမ်း အချိန်ပြည့် လုပ်ရမယ်ဆိုတဲ့ဟာမျိုးလည်း သူတို့မှာ ရဲအင်အားလိုသေးတယ်လေ။

စီမံချက်ဆိုတာက အထူးအလေးပေးပြီး ဆောင်ရွက်တာ။ ပုံမှန်က သူ့လုပ်ငန်းစဉ်ထဲမှာ ပါပြီးသား။ နေရာတစ်နေရာတည်းမှာ ထိုင်ဖမ်းတာ မဟုတ်ဘဲနဲ့ surprise လုပ်နိုင်ရင် ပိုကောင်းတာပေါ့။ အခုက နေရာတစ်နေရာတည်းမှာ ထိုင်ဖမ်းတယ်။ ဒီမှာဖမ်းတယ်ဟေ့ဆိုရင် ဟိုဘက်က ပတ်သွားတယ်။ အဲလိုမျိုးဖြစ်နေတယ်။ လူထုကလည်း စည်းကမ်းလိုက်နာဖို့ လိုတယ်လေ။

အဓိကတော့ စည်းကမ်းမလိုက်နာတဲ့ လူတွေများလာတဲ့အခါကျတော့ လူနာတွေများလာတယ်၊ ဆုံးရှုံးမှုဦးရေတွေများလာတယ်၊ လိုင်စင်မဲ့ဆိုင်ကယ်တွေ များလာတယ် အဲဒီအပေါ်မှာ ဖမ်းတာပေါ့။ စီမံချက်ချပြီးလုပ်တာပေါ့။

ကိုညိုမင်း
တတိယနှစ်ကျောင်းသား၊ မော်လမြိုင်တက္ကသိုလ်။

သူတို့စီမံချက်လုပ်တာကောင်းပါတယ်။ တစ်မျိုးမကောင်းတာက တချို့အသက်မပြည့်တဲ့ ကျောင်းသားတွေက ယာဉ်မောင်းလိုင်စင် မလုပ်ရသေးတဲ့ ကျောင်းသားတွေရှိတယ်လေ။ သူတို့ဘက်က ခွင့်လွှတ်ပေးနိုင်မယ်ဆိုရင် ပိုကောင်းမယ်ထင်တယ်။

စည်းကမ်းတော့ လိုက်နာပြီးသွားပြီ။ လိုင်စင်လည်းရှိတယ်၊ ဘက်မှန်လည်းရှိတယ်၊ ဦးထုပ်လည်းဆောင်းထားမယ်ဆိုရင်ဗျာ ခေါ်ယူမစစ်ဆေးရင် ပိုပြီးတော့ ကောင်းမယ်။ သူ့ရဲ့စီမံချက်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာဖို့လေ။ အဲတော့ စည်းကမ်းလိုက်နာတဲ့ ယာဉ်မောင်းလိုင်စင်မရှိတဲ့ ကျောင်းသားတွေကို ဘယ်လိုဆောင်ရွက်ထားပေးမလဲ မေးချင်တယ်။

ကိုဘိုဘိုဝင်း
လူမှုကယ်ဆယ်ရေး။

အခုလက်ရှိ ဆောင်ရွက်နေတဲ့ပုံက မြို့ပြင်တွေမှာ လုပ်တာများတယ်။ မနက်လုပ်ပြီး ညဘက် ဖမ်းဆီးတာတွေမရှိဘူး။ မရှိတဲ့အခါကျတော့ မနက်ပိုင်းမှာတော့ လူတွေက ၁ဝဝ မှာ ၈ဝ ရာခိုင်နှုန်းက စည်းကမ်းရှိစွာ ဦးထုပ်ဆောင်းတာတွေ ဘာတွေ လုပ်ကြတယ်။ ညပိုင်းကျတော့ ၆ နာရီ ၇ နာရီ ကျော်တာနဲ့ လူတွေက မူလပုံစံအတိုင်းပဲ ပြန်ဖြစ်သွားကြတယ်။
သိပ်ပြီးထွေထွေထူးထူး ပြောင်းလဲသွားတာမရှိဘူး။ နောက်ပြီးလူတွေ စည်းကမ်းလိုက်နာမှုပိုင်းနှင့် အကြောက်တရားပိုင်းမှာ ဒီစီမံချက်ကို သိပ်အကြောက်တရား မရှိတဲ့ပုံစံမျိုးတွေ့ရတယ်။ နောက်ပြီး ဆိုင်ကယ်အများဆုံးဖမ်းဆီးတာ တွေ့ရတယ်။ ကားတွေ သိပ်ပြီးအရေးယူတာ မတွေ့ရဘူး။ ကျွန်တော်တို့ဖြစ်စေချင်တာက မူလရှိပြီးသား check point မှာ မဟုတ်ဘဲ တခြား ရှောင်တခင် လုပ်လို့ရမယ့် နေရာတွေမှာလည်း ယာဉ်တားဆီးပြီး စစ်ဆေးတာတွေ ဆောင်ရွက်ဖို့လိုမယ်။ ညပိုင်းလည်း ၇ နာရီ ၈ နာရီ ပိတ်ဆို့၊ ဖမ်းဆီးစစ်ဆေး အရေးယူဖို့လိုမယ်။

အဲလိုပုံစံမျိုးအရေးယူမှသာလျှင် စည်းကမ်းပိုင်းရော လက်ရှိ ရက် ၁ဝဝ စီမံချက်က အောင်မြင်မယ်လို့ထင်တယ်။ နောက်ပြီး တားဆီးတဲ့အခါ ဆိုင်ကယ်ချည်းပဲမဟုတ်ဘဲ ကားရော အရေးယူဖို့လိုမယ်။ ဆောင်ရွက်တဲ့အခါမှာ မနက်လည်းလုပ်မယ် ညပိုင်းကိုလည်း ဂျူတီခွဲပြီး အဲဒါလေးတော့ လိုမယ်။ အဲဒါမှလည်း စီမံချက်က အောင်မြင်မယ်။ ညပိုင်းမဖမ်းတော့ without မောင်းတဲ့လူတွေက ညဘက်ထွက်မောင်းနေတာတွေ တွေ့ရတယ်။ ကားတွေကို တားဆီးတဲ့အခါမှာ ကျောက်ကား၊ အုတ်ကား၊ ထော်လာဂျီကအစ အကုန်လုံးကို စစ်ပြီးတော့ ယာဉ်မောင်းလိုင်စင်တင်မဟုတ်ဘူး ယာဉ်မှာပါတဲ့ အင်္ဂါရပ်နှင့်ညီတဲ့ ကားနောက်မီးလင်းလား အဲဒါတွေပါ စစ်ဖို့လိုမယ်လို့ထင်တယ်။

ဒေါ်ကျေးလှ
သားဖွားဆရာမ၊ ဆီဆုံဒေသန္တရ ဆေးခန်း။

ကောင်းပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်ဘေးတွဲတွေပါဖမ်းတော့ လက်လုပ်လက်စားသမားတွေ စားဝတ်နေရေး နည်းနည်းဒုက္ခရောက်သွားတာပေါ့။ တစ်ယောက်ချင်းစီက စည်းကမ်းရှိသွားရင်တော့ စီမံချက်အောင်မြင်မှာပေါ့။ ကိုယ်လည်း စည်းကမ်းရှိအောင်လို့ ဆိုင်ကယ်ဘက်မှန်ပါမယ်၊ ဦးထုပ်ဆောင်းမယ်၊ လိုင်စင်ပါမယ်ဆိုရင် သူတို့ကိုတွေ့လည်း ကိုယ်မကြောက်ဘဲ ခပ်တည်တည်နဲ့ သွားရဲတာပေါ့။ ဒီမှာရှိတယ်ဆိုပြီး လူတွေက ဟိုဘက်မှာ ပတ်ပြေးတယ်ဆိုရင် မထူးဘူးပေါ့။

 

 

ဦးအောင်
ဆိုင်ကယ် တက္ကစီမောင်းသူ။

အဖမ်းအစီးများတော့ တက္ကစီသမားတွေ ကျပ်တယ်၊ နှစ်ယောက်ကလည်းတင်လို့မရဘူး တက္ကစီကလည်းမောင်း မကောင်း ဘူး၊ နယ်တွေကလည်း သူ့ကား သူ့ဆိုင်ကယ်နဲ့သူလာတယ်၊ ကိုယ့်မြို့ပေါ်ဆိုလည်း တစ်အိမ်ကို ဆိုင်ကယ်နှစ်စီးလောက်ရှိနေတယ် အခုလိုကြတော့ တက္ကစီသမားတွေက သွားဖို့လာဖို့တွေပါ ကျပ်ကုန်တာပေါ့ အခုလိုရက်ရှည်ကြီးဖြစ်နေတော့ တစ်ဖက်ကကြည့်ရင်လည်း လူတွေစည်းကမ်းရှိသွားတာပေါ့ တစ်ဖက်ကကြည့်ရင်လည်း ဆင်းရဲသားတွေပိုပြီး ဒုက္ခဖြစ်တာပေါ့၊ တက္ကစီးမောင်းတစ်ခုဘဲ အားကိုးပြီးစားတဲ့လူဆို ဘယ်လိုသွားစားတော့မလဲ၊ တက္ကစီကလည်းမောင်းမကောင်းဘူး ၊အဖမ်းအစီးများတော့ သွားလို့လည်းမရဘူး ဦးထုပ်မပါလို့ ဘက်မှန်မပါလို့ မိသွားရင် တက္ကစီသမားဆိုဘယ်လိုလုပ်မလဲ၊ တစ်လမောင်းလို့နှစ်သောင်းတောင်မရတာ သုံးသောင်းတို့ ငါးသောင်းတို့ဆိုဘယ်ကနေသွားရှာပေးမလဲ၊ အုံနာမောင်းတဲ့လူတွေဆို ပိုတောင်ဆိုးသေးတယ် အုံနာခပဲရှာမလား ပတ်ပြီးပဲပြေးရမလား။

ဦးသန်းထွန်း
ဆိုင်ကယ် တက္ကစီမောင်းသူ။

စည်းကမ်းနဲ့နေရင်တော့ အခက်အခဲမရှိပါဘူး သူတို့ ထုတ်ထားတဲ့စည်းကမ်းလေ ဦးထုပ်ဆောင်းရမယ်၊ ဘက်မှန်ပါရမယ် စည်းကမ်းရှိအောင်နေလိုက်ကြည့်၊ သူဟာသူအဆင်ပြေသွားမယ်၊ စည်းကမ်းမလိုက်နာလို့ ရက်တစ်ရာစီမံချက်ကိုထုတ်တာ စည်းကမ်းရှိရင် ဒီရက်တစ်ရာစီမံချက်မဟုတ်ဘူး၊ သူဖမ်းစရာတောင်မလိုတော့ဘူး၊ ကိုယ်လည်းအဖမ်းမခံရတော့ဘူးပေါ့။      ။

 

 

= = = = = = = = = = = = = = = = == =

ထိုက်ထိုက်၊ စန္ဒာဉာဏ်၊ လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.