လင်းယုန် ရှင်းတမ်း

လင်းယုန်စီမံချက် ဟုခေါ်သော စည်းကမ်းမဲ့ယာဉ်ဖမ်းဆီးရေးလုပ်ငန်းစဉ် စတင်ပြီး ခုနှစ် ရက် အကြာမှာ မွန်ပြည်နယ် အစိုးရသည် ရှင်းလင်းပွဲ တစ်ခု လုပ်ဆောင်ခဲ့သည်။
ဇန်နဝါရီ ၂၁ ရက်က ပြည်နယ်အစိုးရရုံးမှာ လုပ်ခဲ့သည့် ရှင်းလင်းပွဲသည် စီမံချက်ဆောင်ရွက်စဉ် ကြုံတွေ့ရသော အခြေအနေ အပါအဝင် ထပ်မံ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အကြောင်း ရှင်းလင်းခြင်း ဖြစ်၏။
ရှင်းလင်းပွဲကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၊ မွန်ပြည်နယ် ဥပဒေချုပ် ဒေါ်အေးအေးမို့ အပြင် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးလှဝင်းတင်တို့ပါ ပါဝင်လာခဲ့သည်။

ဆုံးဖြတ်ချမှတ်နိုင်သော ပုဂ္ဂိုလ် အားလုံး ပါဝင်သည့် ရှင်းလင်းပွဲမှာ မည်သည့် ကိစ္စများကို ပြောဆိုသွားပါသနည်း။

ဘာကြောင့် ဒီစီမံချက် လုပ်တာ 

ဇန်နဝါရီ ၁၅ ရက်မှ စတင်ခဲ့သည့်လင်းယုန် စီမံချက်သည် ၆ ရက်အကြာတွင် စည်းကမ်းပျက် မော်တော်
ယာဉ် ၂၀၉ စီး၊ မော်တော်ဆိုင်ကယ် ၂၃၅၂ စီး၊ ဘေးတွဲဆိုင်ကယ် ၂၇ စီး၊ သုံးဘီးဆိုင်ကယ် ၂၈ စီး၊ ထော်လာဂျီ ၄ စီး ၊ စုစုပေါင်း ၂၆၂၀ စီးအား ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။
စီမံချက် ဆောင်ရွက်ရသည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ယခုလို မှတ်ချက်ပြုသည်။
“ကျွန်တော်တို့အနေနဲ့  ပြည်သူလူထုတွေ အသက်အန္တရယ် မဆုံးရှုံးရအောင် ပြည်သူထုတွေရဲ့ ကိုယ်လက်အင်္ဂါတွေမဆုံးရှုံးရအောင် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့ တာဝန်ရှိလာတဲ့အတွက်ကြောင့် ဒီလင်းယုန်စီမံ
ချက်ကိုအကောင်ထည်ဖော်ရခြင်း ဖြစ်ပါတယ်”ဟု ဆိုသည်။
ယခုအခါ ပြည်နယ်အတွင်းလမ်းများပိုမိုကောင်းမွန်လာခြင်းကြောင့် သတ်မှတ် မိုင်နှုန်းထက်ကျော်၍ မောင်းနှင်းခြင်း၊ ယာဉ်းစည်းကမ်း ၊လမ်းစည်းကမ်း မလိုက်နာခြင်းများစွာရှိနေသည်ဟု ၎င်းက ပြောသည်။
ထိုကြောင့် နှစ်စဉ် ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၃၅၀ မှ ၄၀၀ အကြားသေဆုံးနေသည်ဟု ၎င်းက ပြောဆိုသည်။
“အဆိုးဝါးဆုံးအချက်ကတော့ ဆိုင်ကယ်နဲ့ ပက်သတ်ပြီးတော့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာခြင်း မရှိတာတွေ တွေ့ရှိလာတယ်။ အဓိကအားဖြင့် ကတော့ ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်တာ ဆိုင်ကယ်မှာ ဘက်မှန် မတက်တာ ဆိုင်ကယ်စီးတာ သုံးယောက် လေးယောက်စီးတာတွေဆိုင်ကယ်မှာ ကလေးတွေချီပြီးစီးတာတွေ ဒါကိုနေရာအနှံအပြားမှာ ပုံစံပေါင်းစုံတွေ့နေရတယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။
တဆက်တည်း ယခု စီမံချက်ကို အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမည့်အပြင် ရေရှည်၌လည်း ဆောင်ရွက်သွားဖို့ စီစဉ်ထားကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်သည့် နေရာတွင် လစ်ဟာမှုများကို ပြန်လည် သုံးသပ်၍ ပြင်ဆင်ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောဆိုသည်။

တုံပြန့်ချက် 

ယခု စီမံချက် ဆောင်ရွက်ရာတွင် ထောက်ခံမှုများ ရှိသလို ဝေဖန်မှုများစွာလည်း ရှိနေသည်။       ထိုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ယခုလို ပြောဆိုသည်။
“ပြည်သူတွေရဲ့တုန့်ပြန်မှု ဝေဖန်မှုတွေအားလုံးပြန်ချုပ်ကြည့်မယ်ဆိုရင် လူနေမှုအဆင့်အတန်း အသင့်သင့်ရှိတဲ့ လူတန်းစားတွေဟာ ဒီစီမံချက်နဲ့ ပတ်သက်ပြီးတော့မှ ယာဉ်အန္တရာယ်လျော့ပါးစေတဲ့အတွက် ဒါဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့အကြောင်း ပြောဆိုမှုတွေ တွေ့ရတယ်”ဟု ဆိုသည်။
စီမံချက်ဆောင်ရွက်ရာတွင် လိုင်စင်မဲ့ ယာဉ်များအား ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း ဝေဖန်ပြောဆိုများကို တွေ့ရကြောင်းနှင့် ပြည်သူအချို့က နေ့စဉ် ဖမ်းဆီးစေလိုသည်ဟု ၎င်းက ပြော၏။
မည်သို့ပင်ဖြစ် စီမံချက်မှာ တိုးတက်မှုများစွာ ရှိနေသည့်အပြင် ထပ်မံလုပ်ဆောင်သွားဖို့လည်း စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။

တိုင်းကြားနိုင် 

စည်းကမ်းမဲ့ယာဉ်များအား ဖမ်းဆီးအရေးယူရာတွင် ဝန်ထမ်းများမှ ပိုက်ဆံတောင်းခံပါက တိုင်ကြားနိုင်ကြောင်း ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။
“ငွေကိစ္စက ရှင်းပါတယ်။ ဒဏ်ငွေနဲ့ ပတ်သက်ပြီးတော့ တရားရုံးမှာ ချလန်ဆောင်ပြီးတော့မှ နိုင်ငံတော်ဘဏ္ဍာအနေနဲ့ ဝင်သွားတာဖြစ်ပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာ တရားရုံးကနေပြီးတော့မှ စဉ်ဆက်မပြတ်ဆောင်ရွက်နေတာရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ၎င်းက “ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့မှ အပြင်မှာ ပိုက်ဆံဆောင်ရတယ်ဆိုရင် တိုင်ကြားပါ။ လမ်းဖွင့်ပေးထားခဲ့ပါတယ်။ တိုင်ကြားပါ တိတိကျကျပြောဆိုပါ။ ဒါဆို ဒီဝန်ထမ်းကို ကျွန်တော်တို့ သူ့ရဲ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမယ်ဆိုတာ မီဒီယာအားလုံးကို ချပြထားပြီး ဖြစ်တယ်”ဟု ပြော၏။
စည်ကမ်းမဲ့ယာဉ်များ ဖမ်းဆီးမှုမှ ရရှိသော ငွေများကို စစ်ဆေးခံနိုင်ကြောင်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် စစ်ဆေးမှုများကိုလည်း စာရင်းစစ်များဖြင့် စစ်ဆေးသွားမည်ဟု ၎င်းက ပြောသည်။
စီမံချက်အား ဆောင်ရွက်ရာတွင် ရဲအရေးပိုင်သော အမှုများဖြစ်သောကြောင့် လူအင်းအား နည်းနေသဖြင့် အခက်အခဲများ ရှိနေကြောင်းနှင့် ယင်းကိစ္စရပ်အတွက် ၂၄ နာရီအတွင်း ဒဏ်ငွေဆောင်နိုင်ဖို့ ပြည်နယ်တရားသူကြီးချုပ် အပါအဝင် ဥပဒေချုပ်များဖြင့်ဆွေးနွေး၍ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
“အမှုနဲ့ ပတ်သက်ပြီးတော့မှ တင်လာတဲ့အမှုတွေအားလုံး ၂၄ နာရီအတွင်း ပြီးပြတ်ဖို့အတွက် ထပ်ပြီးတော့ မြေပြင်ဆင်းကြည့်တယ်။ အခုနောက်ပိုင်းမှာ နေ့ချင်းပြီးပြတ်သွားတဲ့ အနေအထားဆောင်ရွက်သွားနိုင်ပါ
တယ်”ဟု ၎င်းင်းက မှတ်ချက်ပြုသည်။

မွန်လိုင်စင် ထုတ်ပေးမယ်

မည်သို့ပင်ဖြစ် အဆိုပါ ရှင်းလင်းပွဲတွင် လိုင်စင်မဲ့ ယာဉ်များကို လိုင်စင် ထုတ်ပေးတော့မည့်အကြောင်း ထုတ်ဖော်ပြောဆိုလာသည်။     ထိုအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ယခုလို မှတ်ချက်ပြု၏။
“လိုင်စင်ပေးဖို့၊ မွန်လိုင်စင်ပေးဖို့၊ အဲဒါနဲ့ ပတ်သက်ပြီး စီမံချက်ရေးနေတုန်း၊ အခက်အခဲကိုကြည့်လိုက်တော့ ဆိုင်ကယ်လိုင်စင် မရှိတာ တကယ်တမ်းကျ သွားရလာရခက်ခဲပါတယ်။ အဲတော့ ရောင်းခြင်း ဝယ်ခြင်းကိစ္စတွေမှာ သူဆီမှာရှိတဲ့ ဆိုင်ကယ်က လိုင်စင်မဲ့ဖြစ်နေတယ်။ လိုင်စင်မဲ့ဖြစ်နေတော့ အဲဒီဟာကို မှတ်ပုံတင်ပေးဖို့ တရားဝင်ဖြစ်အောင် လုပ်ဖို့အတွက် စီမံချက်ရေးဆွဲတုန်းအချိန်ဖြစ်တယ်”ဟု ဆိုသည်။
မွန်လိုင်စင်များကို ယခင်က ၃၃ အထိသာ ထုတ်ပေးထားသဖြင့် ယခုအခါ ၃၄ မှ စတင်၍ လိုင်စင် ထုတ်ပေးရန် စီစဉ်ထားကြောင်းနှင့် မြို့နယ်အလိုက်ဆိုင်ကယ်လိုင်စင်များကို စနစ်တကျဆောင်ရွက်ပေးဖို့ အစီအစဉ် ရေးဆွဲနေသည်ဟု ၎င်းက ပြော၏။
ထိုအခြေအနေနှင့် ပတ်သက်ပြီး ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက “ဒါတွေနဲ့ ပတ်သက်ပြီး ဥပဒေလမ်းကြောင်းအတိုင်းရေးဆွဲနေတယ်။
ဥပဒေအတိုင်းပဲ ကြေငြာချက် တိတိကျကျထုတ်ပြန်ပေးမယ်။ မကြာခင်အတွင်းမှာ ထုတ်ပြန်ပေးသွားမှာပါ”ဟု ဆိုသည်။

ဘေးတွဲ ဆိုင်ကယ်နဲ့ 

“ဘေးတွဲဆိုင်ကယ်နဲ့ပက်သတ်ပြီး ဘေးတွဲဆိုင်ကယ်တွေ တရားမဝင်ဘူးဆိုတာ ဒါအားလုံးသိပြီးသား ဖြစ်ပါတယ် တရားမဝင်တဲ့ ဟာကို တရားဝင်ဖြစ်ဖို့အတွက်ကျွန်တော်တို့လည်းလုပ်လို့မဘူး”ဟု ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြော၏။
ဘေးတွဲ ဆိုင်ကယ်များ ပပျောက်ရေးအတွက် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းရေးဆောင်ရွက်သွားမည့်အပြင် အားလုံး ပူးပေါင်း ပါဝင်ပေးဖို့ ၎င်းက တိုက်တွန်းပြောဆိုသည်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတော့ “ဘေးတွဲ ဆိုင်ကယ်တွေကို လမ်းကြားမှာဖမ်းနေတာကတော့ ကျွန်တော်တို့ လမ်းကြားမှာဖမ်းဖို့ မညွှန်ကြားထားပါဘူး ပြည်တောင်စုလမ်းမကြီးပေါ်မှာ ဖမ်းပါမယ် ဒါကတော့ ယခင်အတိုင်းပါဘဲ အခုပြောကြတဲ့ ဘေးတွဲဆိုင်ကယ်လမ်းကြားမှ ာဖမ်းတယ်ဆိုတာကတော့ အထောက်အထားနဲ့ နေရာတိတိကျကျပြောဖို့တာပေါ့”ဟု ဆိုသည်။

လက်နက်ကိုင်အဖွဲ့အစည်း ယာဉ်
လင်းယုန်စီမံချက်တွင် ငြိမ်းချမ်းရေးအတွက် လက်နက်မှတ်ထိုးထားသည့် လိုင်စင်မဲ့ ယာဉ်များကိုပါ ဖမ်းဆီးနေသည်ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ဆိုသည်။
“နောက်တစ်ကြိမ် မဝင်လာအောင် ပညာပေးပြီး ပြန်လွှတ်လိုက်တာ ရှိခဲ့ဖူးပါတယ်။  နောက်နေ့ကစပြီး ဖမ်းပါတယ်။ မေးကြည့်လိုက်ပါ။ DKBA၊ မွန်ပြည်သစ်ပါတီ အကုန်လုံးဖမ်းလိုက်ပြီးမှ သက်ဆိုင်ဥပဒေအရ ဒဏ်ငွေ ၂ သိန်းနဲ့ ထောင်ဒဏ် ၁ လ၊ အခုနောက်ထပ် ထပ်လာရင်လည်း ထပ်ဖမ်းမှာပဲ”ဟု ၎င်းက ပြော၏။

ဝန်ထမ်းကို ပို၍ စိစစ်မယ်

ယခု စီမံချက်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် နိုင်ငံ့ဝန်ထမ်းများကို ပိုမို တင်းကြပ်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဆိုသည်။
ထိုကြောင့် ဝန်ထမ်းများကိုလည်း စီမံချက် မတိုင်ခင်ကတည်းက စည်းကမ်းလိုက်နာရန် ညွှန်ကြားထားကြောင်းနှင့် စည်းကမ်းဖောက်ဖျက်ပါက ဥပဒေနှင့် အညီ အရေးယူသွားမည်ဟု ၎င်းကပြောဆိုသည်။
“ဝန်ထမ်းဖြစ်ရင် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနဲ့ အရေးယူမှာဖြစ်တယ်။ မော်တော်ယာဉ် ဥပဒေယာဉ်စည်းကမ်းလမ်းစည်းကမ်းဥပဒေနဲ့ အရေးယူမှာပါ။ ကျန်တဲ့ အခြားဖြစ်ရင်လည်းသက်ဆိုင်ရာဥပဒေနဲ့ ဆက်ပြီးအရေးယူမှာဖြစ်တယ်။ နိုင်ငံဝန်ထမ်းဥပဒေမှာ ကျွန်တော်တို့ အားလုံးကို ပြောထားပြီးသားဖြစ်ပါတယ်”ဟု ၎င်းက ပြော၏။

Written by ခေတ်မင်း၊ လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.