ဒေါသထွက်နေသော လူအုပ်ကြီးက မော်တော်ကား တစ်စီးကို အလုအယက် ဖျက်ဆီးနေသည်။ လူအချို့မှာမှု နေအိမ်တက်ပြီး ပစ္စည်းယူရန်(သို့မဟုတ်) ဖျက်ဆီးရန် အတင်းဝင်ရောက်ကြလေသည်။ ထိုသူတို့၏ဒေါသကို  မည်သည့်အရာက စလိုက်လေသနည်း။

ဒေါသထွက်နေသော လူအုပ်စုကြီးကို ထိုသို့ပြုမှုရန် နှိုးဆော်လိုက်သည့်အချင်းအရာကား Online လေလံစုမဲ ဟုဆိုသော ငွေစုနည်းလမ်းသစ်တစ်မျိုးပင်တည်း။

Online ငွေစုလေလံမဲကိစ္စနှင့် ပတ်သက်၍ ငွေစုဒိုင်လုပ်သူများမှ အတိုးနှုန်းများစွာ ပေးသည့်အပေါ် မူတည်ပြီး ထိုလုပ်ငန်းထဲ လမိုင်းဒေသခံများ တဖြည်းဖြည်းနှင့် ပါဝင်လာကြသည်။

လနှင့်ချီကြာလာသော အချိန်တစ်ခုတွင် ငွေကြးအရှုပ်အရှင်း ပြဿနာများ ပေါ်ပေါက်လာပြီး ငွေကြေးပြန်လည်ရလိုမှုဖြင့် ထိုသူတို့၏ ဒေါသကားစနက်တံ ဖြုတ်ထားသော လက်ပစ်ဗုံးတစ်လုံးကဲ့သို့ ဖြစ်လာလေသည်။

မေလ ၂၂ ရက်နေ့တွင်မှု လမိုင်းမြို့က Online လေလံစုမဲ မသမာမှု ကား အရှိန်ကောင်းကောင်းနှင့် အဓိကရုဏ်းသဖွယ် ပြောင်းလဲလာတော့သည်။

ပကတိအေးချမ်းသာယာနေသောရေးမြို့နယ်၊ လမိုင်းမြို့တွင်မှု ယင်းအငြင်းပွားမှုများကနေ  ငွေစုဒိုင် နေအိမ်နှင့်သက်ဆိုင်သော ဆွေမျိုးနေအိမ်များပါမကျန် အိမ် (၈) လုံးခန့် ဖျက်ဆီးဖောက်ထွင်းခံခဲ့ရသည်။

“မေလ ၂၂ ရက်မှာ ငွေစုဒိုင်လုပ်တဲ့ မခိုင်ရည်မွန်တို့နေတဲ့ အိမ်ဝိုင်းထဲမှာနေအိမ် (၃) လုံး၊  အဲဒီမှာ ဘေးအိမ်က(၂) လုံး၊ ကြောက်လို့ ထွက်ပြေးတာကိုအဲဒီအိမ်ကိုပါ အဖျက်ခံလိုက်ရတယ်။တချို့တွေက ပစ္စည်းပါ ဝင်ကောက်ကြတယ်” ဟု လမိုင်းမြို့ခံများက ပြောသည်။

ယင်းအပြင် လမိုင်းမြို့အဝင်တွင် ရှိသည့် မခိုင်ရည်မွန် ဆွေမျိုးများ၏ နေအိမ် (၃) လုံး အဖျက်ခံရပြီး ဝင်ရောက်ဖျက်ဆီးသူများသည် စုငွေထည့်ထားသည့်သူထက် ပိုမိုများပြားသည်ကို တွေ့ရှိရကြောင်း လမိုင်းမြို့ခံ မသဇင်မိုးက ဆိုသည်။

Online ငွေစုလေလံမဲကိစ္စနှင့် ပတ်သက်၍ ငွေစုဒိုင် လုပ်သူများမှ အတိုးနှုန်းများစွာပေးသည့်အပေါ် မူတည်ပြီး ဒေသခံများက စပြီး လုပ်ဆောင်နေကြသည်မှာ လနှင့်ချီကြာနေပြီးဖြစ်ကာ ငွေရသည့်လူများ ရှိသကဲ့သို့ ငွေစုထည့်သူများလည်း ရှိနေပြီးအချို့သော ဒေသခံများက ရှိစုမဲ့စုလေး
များ ရောင်းချကာ စုမဲထည့်ကြသူများလည်းရှိနေကြောင်းလမိုင်းမြို့ခံတစ်ဦးဖြစ်သူ ဦးမြသောင်းက ရှင်းပြသည်။

“ဒီလိုအချိန်မှာ အခုလိုပြဿနာပေါ်ပေါက်သွားတဲ့အခါကြတော့ နစ်နာတဲ့လူတွေဘက်က ပြန်ရလိုမှုနဲ့ သူတို့ စုမဲထည့်ဝင်ထားတဲ့ ဒိုင်အိမ်တွေကိုလာပြီးတော့ ရလိုမှုအတွက်ဆောင်ရွက်ကြတယ်။ အဲ့ဒီလို အချိန်မျိုးမှာရလိုမှုအတွက် လိုက်နေကြတဲ့လူတွေက ဘယ်လိုနည်းနဲ့ ပြန်ရကြမလဲ။
တချို့တစ်ဝက် ရမှာလား။ အပြည့်ပြန်ရကြမလား။ အရင်းရမလား။ ဒီလိုမျိုး ညှိနှိုင်းနေတဲ့အချိန်မှာဖျက်လိုဖျက်ဆီးမှုနဲ့ အကြမ်းဖက်မှုတွေဆောင်ရွက်လာတဲ့အခါကြတော့ ပြန်လျော်မယ့်ဒိုင်တွေအတွက်ကြတော့ သူတို့မှာ ရှိနေတဲ့ ပိုက်ဆံတွေ၊ ရွှေတွေ၊ ငွေတွေ၊ အိမ်တွေယာတွေ၊ ကားတွေဆိုင်ကယ်တွေ ဖျက်ဆီးခံလိုက်ရတော့လျော်ရမယ့်ငွေတွေက လိုသလို ဖြစ်လာတော့မှာ မဟုတ်ဘူး” ဟု ဦးမြသောင်းက ထပ်မံပြောဆိုသည်။

ယင်းအပြင် နောက်ထပ်ငွေစုဒိုင်တစ်ဦးဖြစ်သူ မိငြိမ်းချမ်းက လျော်ပေးမည်ဟု ကတိပေးထားသည့်အတွက် မေလ ၂၂ ရက်နေ့က ဖျက်ဆီးမှုဖြစ်စဉ်များဖြစ်ပေါ်လာပါကအဆိုပါဒိုင်လည်းလျော်ပေးမည်မဟုတ်ဘဲ အဖမ်းခံမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အဲ့ဒီလိုထပ်ဖြစ်ရင် ငွေထည့်ထားတဲ့လူတွေက တအားဆုံးရှုံးသွားကုန်မယ်။ အဲ့ဒီလို ဆုံးရှုံးမှုတွေမဖြစ်ရ အောင်ဆိုပြီးတော့ ကျွန်တော်တို့ကအခု ကာကွယ်မှုလုပ်ငန်းတွေနဲ့ ပြည်သူတွေကို မေတ္တာရပ်ခံပြီးတော့ အကြမ်းဖက်မယ့် ဒုစရိုက်သမားတွေကိုလည်း ဖယ်ထုတ်လို့ရအောင် ဆောင်ရွက်နေပါတယ်” ဟု လုံခြုံရေး ဆောင်ရွက်နေသူ လမိုင်းမြို့ခံတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျန်ရှိနေသည့် အပိုင်းက တာဝန်ရှိသူများနှင့် ငွေပြန်လျော်ပေးမည့် ငွေစုဒိုင်ညှိနှိုင်းပြီး မည်သည့်ပုံစံလျော်ပေးမည်ကို ဆွေးနွေးထားပြီးဖြစ်သည့်အတွက် လက်ရှိအခြေအနေအရ ငွေစုဒိုင် မိငြိမ်းချမ်းက စာရင်းများကို ပြုစုနေကြောင်းလမိုင်းမြို့ခံများက ဆိုကြသည်။

Online လေလံစုမဲ၏ လုပ်ငန်းသဘောမှာ ကနဦး ငွေကျပ် (၅) သိန်းထည့်ဝင်ပြီး တစ်ပတ်ပြည့်ပါက အတိုးနှင့် အရင်းပါ  ငွေကျပ် (၇) သိန်းရကြောင်း၊ တချို့မှာ ငွေကျပ် (၃) သိန်းခန့်ထည့်ပြီး တချို့မှာလည်း ငွေကျပ်သိန်းရာနှင့်ချီကာထည့်ဝင်ထားကြပြီးအထူးစုမဲ၊  အရေးပေါ်စုမဲ  စသည်ဖြင့် စုမဲ ပုံစံအမျိုးမျိုးရှိကြောင်း ငွေစုထည့်ဝင်ထားသူများက ရှင်းပြသည်။

အထူးစုမဲမှာလည်း (၃) ရက်စုမဲ၊(၅) ရက်စုမဲ ရှိကြောင်း၊ အရေးပေါ်စုမဲအဖြစ် ယနေ့ငွေထည့်ပြီး နောက်နေ့ငွေပြန်ထုတ်လို့ရကြောင်း၊ဥပမာ-သိန်း(၁၀၀) ထည့်ထားပါက  နောက်နှစ်ရက်တွင် ငွေကျပ်သိန်း (၁၂၀) ပြန်ရမည်ဖြစ်ကြောင်း ငွေစုထည့်ဝင်ထားသူများက ရှင်းပြသည်။

အဆိုပါ Online ငွေစုလေလံမဲကို လုပ်ငန်းအမည်နာမ သတ်မှတ်ထားခြင်းမရှိဘဲ Group  ဖြင့် ဖွဲ့စည်းပေးထားကာ လမိုင်းမြို့တွင် IC Groupနှင့် NNCC Group ဟူ၍ နှစ်ခုရှိကာNNCC Group က  မိငြိမ်းချမ်း ဦးဆောင်၍ IC Group ကို မိခိုင်ရည်မွန်က ဦးဆောင်ကြောင်း ၎င်းတို့က ဆို
သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မေလ၂၃ ရက် ညနေပိုင်းအထိ လမိုင်းရှိOnline လေလံစုမဲဒိုင် ပြုလုပ်သူမိခိုင်ရည်မွန်ကို လမိုင်းနယ်မြေ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး၊ ကျန်Online လေလံစုမဲဒိုင် ပြုလုပ်သူမိငြိမ်းချမ်း၏ နေအိမ်ပတ်ဝန်းကျင်နှင့်လမိုင်းမြို့အတွင်း မလိုလားအပ်သည့် ပြဿနာများ ထပ်မံမဖြစ်ပွားစေရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်ပေးလျက် ရှိသည်။

“လျော်လည်း လျော်ပေးမှာပဲ။ အပြည့်အဝမဟုတ်သည့်တိုင် အရင်းလား၊ ဘယ်လိုသဘောနဲ့ လျော်ပေးမလဲတော့ မသိသေးဘူး။ အခုအချိန်မှာငွေက လျော်ပေးလို့ မရသေးပြန်ဘူး။ လျော်ပေးမယ်ဆိုပြီး ငွေထုတ်ကို မြင်ကြရင် လူတွေကလုကြမှာ။

အဲ့ဒါကြောင့် လျော်ပေးဖို့ကိစ္စအတွက် ရပ်ထားတယ်။ အဲ့ဒါကြောင့်ပြည်သူတွေ အေးအေးချမ်းချမ်းနဲ့ ဖြစ်မှတစ်ဦးချင်းခေါ်ပြီးတော့ ငွေပြန်လျော်ပေးနိုင်ဖို့အတွက်ကိုလုံခြုံရေးအင်အားနဲ့မနိုင်နင်းမှာစိုးလို့ မြို့ခံလူငယ်တွေ၊မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးတော့ အားလုံးအတွက် အကျိုးရှိစေဖို့ဆောင်ရွက်ပေးနေပါတယ်” ဟု လမိုင်းမြို့ခံ ဦးဗိုလ်သောင်းက ဆိုလေသည်။

ထိုငွေကြေးအဓိကရုဏ်း နောက်ဆက်တွဲပြဿနာက မပြီးဆုံးသေး၊ ငွေစုမဲလေလံဒိုင် မိခိုင်ရည်မွန်တို့၏ ဆွေမျိုးတစ်ဦးက ပြန်ပေးအဆွဲခံရပြီး ပြန်ပေးဆွဲသည့်အဖွဲ့ထဲမှ (၃) ဦးကို လုံခြုံရေးတာဝန်ယူထားသူများက ဖမ်းမိထားကြောင်း လုံခြုံရေးတာဝန်ယူထားသူ ဦးဗိုလ်သောင်းက အတည်ပြုပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်ပေးဆွဲသည့်အဖွဲ့မှ ငွေလာပြန်ထုတ်သည့်အချိန်တွင်လုံခြုံရေးအဖွဲ့များနှင့်တိုးကာ လမိုင်းမြို့ခံတစ်ဦးနှင့် မော့ကနင် ရွာသားနှစ်ဦး၊ ကားတစ်စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းင်းက ဆိုသည်။

“ညက ကျွန်တော်တို့ ၉ နာရီကျော်ကျော်လောက်မှာ မလျော်တဲ့ဒိုင်ဘက်က ဆွေမျိုးတွေကို ပြန်ပေးသဘောနဲ့ ဓားပြလို အတင်းဝင်ပြီးတော့ ဆွဲခေါ်ဖမ်းတယ်။ ခေါ်သွားတဲ့ဟာကို အဲဒီလုံခြုံရေးအဖွဲ့က သူတို့ကို သွားပြန်လိုက်တဲ့နေရာမှာ သူတို့ငွေလာပြန်ယူတဲ့အချိန်မှာ မိတယ်။ အဲဒီမှာ သုံးယောက် မိတယ်။ နှစ်ယောက်လွတ်သွားတယ်။ ကားလဲ မိထားတယ်” ဟုဦးဗိုလ်သောင်းက ပြောသည်။

အဆိုပါ ပြန်ပေးအဆွဲခံရသူ ငွေစုမဲလေလံဒိုင် မိခိုင်ရည်မွန်တို့၏ ဆွေမျိုးကို လက်ထိတ်ခတ်ပြီး ရိုက်နှက်ခံထားရခြင်း၊ ဗိုက်တွင် ဓားဖြင့် မွှမ်းထားခြင်းစသည့် ဒဏ်ရာများ ရရှိထားကာလက်ရှိအချိန်တွင် ၎င်း၏နေအိမ်သို့ပြန်လည်ရောက်ရှိသွားပြီးဖြစ်ကြောင်းဦးဗိုလ်သောင်းက ရှင်းပြသည်။

“သူတို့ပထမ လာလာခေါ်ချင်းမှာတော့ ၈ ယောက်လောက်ရှိတယ်။ ပြီးတော့ သူတို့လက်ထိတ်ခတ်ပြီးတော့ မခိုင်ရည်မွန်တို့ အမျိုးကို ဖမ်းခေါ်သွားတယ်။ အိမ်က အိပ်ခန်းထဲမှာပိုက်ဆံဘယ်နေရာရှိလဲဆိုပြီးမေးတော့ ပိုက်ဆံအိတ်တစ်အိတ် ရှိတယ်ဆိုပြီး သူ့အသက် လွတ်အောင်တော့ ပြောလိုက်ရတယ်”ဟု ဦးဗိုလ်သောင်းကပြောပြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြန်ပေးဆွဲသည့်အဖွဲ့က ဖမ်းဆီးထားသော ငွေစုဒိုင် မိခိုင်ရည်မွန်၏ ဆွေမျိုးပြောပြချက်အရ ကော့ဒွတ်ကျေးရွာရှိဆွေမျိုးအိမ်ကို သွားရောက်ထုတ်ယူခဲ့ကြောင်း လက်ရှိအချိန်တွင် အဆိုပါကော့ဒွတ်ရှိနေအိမ်ကို လုံခြုံရေးယူထားရကြောင်း   လုံခြုံရေး တာဝန်ယူ
ထားသူတစ်ဦးက ပြောသည်။

“ကျွန်တော့်အမြင်ပြောရရင် ဒီကိစ္စက ဖြစ်ပေါ်နေတဲ့ မဲကိစ္စနဲ့ ပတ်သက်ဆက်နွှယ်မှုရှိတယ်။ သဘောကတော့ ပတ်သက်ဆက်နွှယ်နေတဲ့သူတွေကို သူတို့လိုက်ရှာနေတဲ့ သဘောပဲ” ဟု ရေး- တော်ဝင် သတင်းလွှာအယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းကပြောသည်။

အဆိုပါအဖွဲ့သည် မိခိုင်ရည်မွန်တို့ဆွေမျိုး၏ ထွက်ဆိုချက်အရ ငွေကြေးလာပြန်ထုတ်သည့်အချိန်တွင် လုံခြုံရေးအဖွဲ့နှင့် တိုးသည့်အတွက် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းင်းတို့ကိုလမိုင်းမြို့ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဆရာတော်များ၏အကြံပြုချက်နှင့်လမ်းညွှန်ချက်အရ ပြည်သူ့ရဲတပ်ဖွဲ့များ၊ လမိုင်းမြို့လူမှုအဖွဲ့အစည်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့က လုံခြုံရေးအင်အား(၁၅၀)ခန့် ဆောင်ရွက်နေလျက်ရှိသည်။

Online ငွေစုမဲလေလံ မသမာမှုကိစ္စနှင့် ပတ်သက်၍ ဖျက်ဆီးခံခဲ့ရသော ငွေစုဒိုင်နေအိမ်နှင့် သက်ဆိုင်သော ဆွေမျိုးများတို့၏ နေအိမ်ကို လမိုင်းမြို့ရှိ ဆရာတော် သြဝါဒခံယူထားသည့် သုဇာဋာအဖွဲ့မှ ပိတ်ထားလိုက်ပြီးဖြစ်ကြောင်းသုဇာဋာအဖွဲ့မှ ဦးမင်းဇော်ခင်က ပြောသည်။

“ကျွန်တော်တို့ ဆရာတော်တွေရဲ့ သြဝါဒအရိပ်အောက်မှာ ခံယူပြီးတော့လမိုင်းမြို့တစ်ခုလုံး ငြိမ်ဝပ်ပိပြားအောင်ထိန်းသိမ်းတဲ့သဘောပဲ။ ငွေလျော်တဲ့ကိစ္စက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ပြည်သူတွေ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်နိုင်ဖို့အတွက် ကျွန်တော်တို့
ဆောင်ရွက်နေတာဖြစ်တယ်”ဟု ဦးမင်းဇော်ခင်က ပြောသည်။

အဆိုပါနေအိမ်များတွင် တာဝန်ရှိသူများမှအပဝင်ခွင့်မပြုသည့်အပြင်တစ်စုံတစ်ဦးက အိမ်ထဲတွင် သာမကခြံအတွင်းတွင်လည်း ဝင်ရောက်ခဲ့လျှင်ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး လမိုင်းမြို့ရှိ ဘုန်းကြီးကျောင်း (၄)ကျောင်းမှ ဆရာတော်များ၊ သုဇာဋာအဖွဲ့ သားများ၊ ဘုရားဂေါပကအဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့များ မေလ ၂၃ရက်နေ့ မွန်းလွဲပိုင်းက အစည်းအဝေးကျင်းပ၍ ပြည်သူများ စိတ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ယင်းကဲ့သို့
ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သုဇာဋာအဖွဲ့သားများက ပြောသည်။

လက်ရှိအခြေအနေအရ လမိုင်းမြို့တွင် လုံခြုံရေးအင်အားအတွက် ရဲတပ်ဖွဲ့ဝင်များ၊ မြို့ခံရပ်မိရပ်ဖများ၊ လူငယ်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်နေလျက်ရှိသည်။

အဆိုပါ Online ငွေစုမဲလေလံ မသမာမှုဖြစ်ပွားပြီးနောက် လမိုင်းမြို့တွင် အုံကြွမှုဖြစ်ခဲ့သည့်အတွက် အခြေအနေများကို ထိန်းသိမ်းနိုင်စေရန်မေလ ၂၂ ရက်နေ့ ညနေပိုင်းက မွန်ပြည်နယ်လွှတ်တော်   ဒုတိယ ဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကသွားရောက်ညှိနှိုင်းပေးခဲ့သည်။

လက်ရှိအခြေအနေအရ တာဝန်ရှိသူများက  သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများကို  စုငွေထည့်ဝင်ထားသည့် မိမိ၏ရွာသားများကို စာရင်းကောက်ယူရန် တာဝန်ပေးထားကြောင်းသိရသည်။

“အခုနေ့ရော ညပါ မနေ့ကလိုမျိုးမဖြစ်အောင်တော့ သူတို့ လုံခြုံရေးတွေ ပေးနေတယ်။ အခုက ဒီလမ်းထဲမှာသူတို့လုံခြုံရေးပေးနေတာက ဒိုင်အိမ်နောက်တစ်အိမ် ဖြစ်တယ်။ မနေ့ကဆိုလုကြတယ်၊ ဒါပေမဲ့ ငွေမထည့်ထားဘဲအဲဒီလိုလူတွေလည်း ပါဝင်ဖျက်ဆီးနေတာ တွေ့ရတယ်”ဟု စုငွေထည့်ဝင်ထားသည့် လမိုင်းမြို့ ဒေသခံများက ဆိုကြသည်။

အောင်မြတ်

Leave a Reply