မော်လမြိုင်၊ မေ ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် မေ ၂၁ ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့သော Online လေလံစုမဲ ပြသနာ ဖြစ်ပွားခဲ့ပြီး ဆူပူအုံကြွမှု ဖြစ်ပွားသည့်အထိ အခြေအနေဆိုးရွားခဲ့သည်။

ယင်းဆူပူအုံကြွ မှု ပတ်သက်၍ လေလံမဲဒိုင် ပြုလုပ်သူ မခိုင်ယဉ်မွန် (ခ) မိကျဲလာနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးတင်ဇော်ဦး (ခ) ကိုဦးတို့နှစ်ဦးကို လမိုင်းနယ်မြေရဲစခန်း၌ ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ၎င်းတို့နှစ်ဦးကို လာရောက်အမှုဖွင့် တိုင်ကြားထားသည့် အမှုပေါင်း ၂၇ မှု ရှိနေကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညိုက ပြောသည်။

“ လက်ရှိအချိန်ထိတော့ နစ်နာခဲ့တယ်ဆိုတဲ့ သူတွေ ရဲစခန်းကို လာတိုင်ကြားထားတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀/ ၄၀၆ နဲ့ ၂၆ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) တစ်မှု၊ စုစုပေါင်း ၂၇ မှု ကို ဖွင့်လှစ်ဆောင်ရွက်ပေးထားတယ်” ဟု ရဲမှူးခင်ညိုက ပြောဆိုသည်။

လေလံမဲစုငွေများကို ပြန်လည်ထုတ်ပေးခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်ပြီး လိမ်လည်ခဲ့သူ မခိုင်ယဉ်မွန် (ခ) မိကျဲလာနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးတင်ဇော်ဦး (ခ) ကိုဦးတို့နှစ်ဦးကို လမိုင်းနယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၂၀/ ၄၀၆ အရ အမှုပေါင်း ၂၆ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) တစ်မှုဖြင့် အရေးထားကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုအပြင် လမိုင်းမြို့နေ ဦးဖေစန်းဆိုသူ ကို နေအိမ်တက်ဖမ်းဆီးပြီး အမျိုးသားလေးဦးက ပြန်ပေးဆွဲမှုတစ်ခုလည်း ဖြစ်ပေါ် ခဲ့ကြောင်း ရဲမှူးခင်ညိုက ပြောဆိုသည်။

“ ဦးအောင်ပါ အမျိုးသား လေးဦးက ဦးဖေစန်းရဲ့ နေအိမ်ပေါ်တက်ပြီး ပိုက်ဆံရှိလားမေးတယ်။ မင်းမှာ ပိုက်ဆံရှိလား မေးတယ်။ မရှိဘူးပြောလို့ လက်ထိပ်ခတ်ခေါ်သွားပြီး တစ်ချက်နှစ်ချက်ထိုးတယ်။ ပြီးတော့ မော့ကနင်းဘက်ခေါ်သွားပြီး တောစပ်မှာမေးတယ်။ ပြီးတော့ သူ့ (ဦးဖေစန်း) အိမ်ကို ပြန်ခေါ်လာအချိန်မှာ ဝိုင်းပြီဖမ်းမိခဲ့တာ” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

ဦးဖေစန်း၏ နေအိမ်အတွင်း ဝင်ရောက်၍ ခြိမ်ခြောက်ငွေတောင်းပြီး လူအား ထိုးကြိတ်ရိုက်နှက်ချုပ်နှောင်ခဲ့သည့် ဦးအောင်၊ စောလှိုင်နှင့် စိုးလင်းတို့ သုံးဦးကို လမိုင်းနယ်မြေရဲစခန်းမှ ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၂/ ၃၄၂/ ၃၂၃/ ၃၈၅/ ၅၀၆ အရ အမှုဖွင့်၍ ထွက်ပြေးတိမ်းရှောင်နေသော အညိုဆိုသူကို ဖမ်းဆီးရမိရေအတွက် လိုက်လံစုံစမ်းရှာဖွေ လျက်ရှိကြောင်း ရေးမြို့နယ်ရဲစခန်းထံမှသိရသည်။

“ရဲတပ်ဖွဲ့နဲ့ ရွာကပရဟိတအဖွဲ့တွေ ဝိုင်းဖမ်းကြလို့ သုံးဦးကိုတော့ မိထားပြီး။ တစ်ယောက်တော့ ထွက်ပြေးနေတုန်း။ ဒါကို ဓားပြအမှုလို့ မခေါ်ဘူး။ လုယက် ဖို့ကြံစည်တာပဲရှိတယ်” ဟု ရဲမှူးခင်ညိုက ပြောသည်။

အဆိုပါ အခင်းပွားသည့်နေရာသို့ မေ ၂၂ ရက်နေ့က မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကျော်ကျော်မင်း၊ မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးလွင်၊ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းထွန်းဦးနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများက သွားရောက်၍ ညှိနှိုင်းဖြေရှင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။

“ အခုချိန်ထိတော့ လူတွေက ဟိုနေရာတစ်စု ဒီနေတစ်စု စုဝေးနေတုန်းပဲ။ အချိန်မရွေး အဓိကရုန်းဖြစ်နိုင်တဲ့ အနေအထားရှိနေတယ်” ရေးမြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ လေလံမဲကြောင့် ဖြစ်ပေါ်လာသော ဆူပူအုံကြွမှု ၏ ဖြစ်စဉ်အစမှာ လမိုင်း မြို့ နှင့် နီးစပ်ရာအနီးအနား ဒေသ များ မှ Online လေလံမဲ ငွေစု သူ၂၀၀ ခန့်၏ ငွေကြေး ကို ပြန်လည်ပေးအပ်ရန် နှောင့်နှေးကြံ့ကြာနေခြင်း ကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းပြသနာ ဖြစ်ပွားခဲ့ခြင်းကြောင့် လမိုင်းမြို့နယ်အထွေထွေအုပ်ချုုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများထံ အကူညီတောင်းခံ၍ ညှိနှိုင်းခဲ့ရာ စုမဲငွေများပေးသွင်းထုတ်ယူရန် ကျန်ရှိနေသူများကို လာမည့် ဇွန်လိုင် ၁၅ ရက်နေ့ နောက်ဆုံးထား၍ စုမဲငွေအရင်းများကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့သည်။

ထိုသို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သော်လည်း စုငွေများရရှိမည့် ဒေသခံပြည်သူများနှင့် ၎င်းတို့၏ ဆွေမျိုးများက ကျေနပ် မှုမရှိ သဖြင့် မေ ၂၂ ရက်နေ့တွင် လေလံမဲစုငွေဒိုင်ပြုလုပ်သူ မခိုင်ယဉ်မွန် (ခ) မိကျဲလာ၏ နေအိမ်ရှေ့သို့ရောက် ရှိလာပြီး ၎င်းနေအိမ်အတွင်းသို့ ခဲလုံးများဖြင့် ပစ်ပေါက်ခဲ့ရာ မိကျဲလာ၏ နံဖူးမှာ လက်မဝတ်ခန့် ပေါက်ပြဲခဲ့ကြောင်း ရေးမြို့နယ် ရဲစခန်းထံမှသိရှိရသည်။

ထို့အပြင် နေအိမ်ရှေ့မှာ ရပ်ထားသော KNU/KNLA (PC) အဖွဲ့မှ မော်လမြိုင်တာဝန်ခံ စောစတီး (ခ) အောင်ငွေကြည်ပိုင် မော်တော်ယာဉ်တစ်စီး ကို မီးရှို့ဖျက်ဆီးရန်ကြိုးပမ်းခဲ့ကြသည်။

မော်တော်ယာဉ်အား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ်ရှိ မိကျဲလာနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ကိုဦးတို့နှစ်ဦးမှာ နေအိမ် အနောက် အုတ်တံတိုင်းအားကျော်၍ လမိုင်းဆေးရုံးဝန်းအတွင်း ထွက်ပြေး ရန်ကြိုးပမ်းခဲ့ကြောင်း ယင်းအမှုမှတ်တမ်းများ အရသိရှိရသည်။

ထိုအချိန်တွင် စုမဲငွေများ ပြန်လည်ရရရှိရန် ကြိုးပမ်းနေသော လူအုပ်စု က နေအိမ်တံခါးများ ရိုက်ဖျက်ဆီး၍ နေအိမ်ရှိ ငွေကျပ် သိန်း ၅၀ ခန့်နှင့် အိမ်အသုံးဆောင်ပစ္စည်းများ သယ်ယူနေခြင်းများလုပ်ဆောင် ခဲ့ပြီး ယင်းလူအုပ်စု ကို ထိန်းမရသော အခြေအနေတစ်ရပ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လမိုင်းနယ်မြေရဲ စခန်းမှူးရဲအုပ် ဘကြိုင်မှ ၃၈ ဗို့ခြောက်လုံးပြူး သေနတ်ဖြင့် နှစ်ချက်ခန့် သတိပေးပစ်ခတ်ထိန်း သိမ်းခဲ့ရကြောင်း သိရသည်။

လေလံစုမဲဒိုင်ပြုလုပ်သူ မိကျဲလာမှာ ဒဏ်ရာဖြင့် လမိုင်းဆေးရုံသို့ ရောက်ရှိနေသဖြင့် စုမဲငွေရရှိမည့် ဒေသခံပြည်သူတို့က ဆေးရုံအတွင်းဝင်ရောက်ရန်ပြုခဲ့မှုကြောင့် ဆေးရုံတံခါး အနည်းငယ်ပျက်စီးခဲ့ပြီး လမ်းမပေါ်တွင် အခြေအနေအရပ်ရပ်ကို လာရောက်ကြည့်ရူသည့် ပြည်သူ ၁,၂၀၀ ဦးခန့် လူစုလူဝေးဖြစ်ပွားခဲ့ရကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ ညနေ ၃ နာရီခန့်တွင် လမိုင်းမြို့ (၃) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ ဦးအောင်စိန် (ခ) ကျောက်လင်း (မိကျဲလာ အစ်မ၏ ယောကျာၤး) နေအိမ်သို့ စုမဲငွေ ထည့်ဝင်ထားသည့် ဒေသခံပြည်သူ ၈၀ ဦးခန့် ရောက်ရှိလာပြီး ၎င်းနေအိမ်ကားဂိုထောင်အတွင်း ရပ်တန့်ထားသော Probox အမျိုးအစား မော်တော်ယာဉ်တစ်စီးကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့စဉ် လာရောက်ကြည့်ရှုသည့် ဒေသခံပြည်သူ ၁၀၀ ဦးခန့် ရှိနေကြောင်း လုံခြုံရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းပြသနာများကြောင့် Online လေလံမဲ ဒိုင်အဖြစ်လုပ်ကိုင်သူ မခိုင်ယဉ်မွန် (ခ) မိကျဲလာကလည်း ၎င်းတို့၏ နေအိမ်အတွင်းနှင့် ဆွေမျိုးနေအိမ်အတွင်း ဝင်ရောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများ ဝင်ရောက်ပြီး လုယူထွက်ပြေးခဲ့သူများကို အရေးယူပေးရန် တိုင်ကြားထားသည်။

အဆိုပါ လုယက်မှုများ ကိုလည်း လမိုင်းနယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၅ အရ အမှု ၃ မှု ဖွင့်လှစ်အရေးယူ ဆောင်ရွက်ထားရှိပြီး တရားခံများ ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်း မော်လမြိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ခေတ်မင်း

Leave a Reply