မော်လမြိုင်၊ ဇူလှိုင်၂၃

၂၀၁၉ခုနှစ် မေလက ဖြစ်ပွားခဲ့သော လမိုင်းလေလံမဲကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသောလူ၁၃ထံမှ လမိုင်းရဲတပ်ဖွဲ့ က ငွေတောင်းခံမှုများ ရှိနေကြောင်း အဖမ်းဆီးခံထားရသူများ ၏ မိသားစုဝင်များ ကပြောကြားသည်။

ယင်းသို့ဖမ်းဆီးခံထားရသူများထံမှာ ငွေတောင်းခံမှုများ ရှိနေသောကြောင့် ၎င်းတို့၏ မိသားစုဝင်များ က ဇူလှိုင်လ၂၂ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီထံသို့ လာရောက်တိုင်ကြားခဲ့ခြင်းသည်။

ဇွန်လ ၂ရက်နေ့က ဖမ်းဆီးခံထားရတဲ့ သူ ၁၃ ဦးကို ရက်ပေါင်း ၅၀ ခန့် ဖမ်းဆီးထားပြီးသည်တိုင် အမှုစစ်ဆေးမှုများမရှိဘဲ ကြန့်ကြာနေပြီး တရားစွဲဆိုခံထားရသော အမှုများ အတွက် ငွေတောင်းခံနေကြောင်း အဖမ်းဆီးခံထား ရသော မိသားစုဝင် များ ကပြောဆိုသည်။

“ အမှုကြီးကို အမှုငယ်အောင်လုပ်ဖို့အတွက် စခန်းမှူးကို တစ်သိန်းခွဲ၊ စာရိုက်ပေးတဲ့ စာရေးကို တစ်သိန်းခွဲ ပေးရမယ်ဆိုပြီး ပိုက်ဆံတောင်းတယ်။ နှစ်ယောက် အတွက်ပိုက်ဆံပေးရင်၊ စခန်းမှူးပြောတာ မပူနဲ့ ၁၅ ရက်ဒါမှမဟုတ် ရက်၃၀ ကြာရင် ပြန်လွှတ်လာမယ်။ အဲ့လိုပြောတယ် ” ဟု ဖမ်းဆီးခံထားရ သူတစ်ဦး၏ မိသားစုဝင် ဒေါ်ငွေဝင်းက ဆိုသည်။
ရုံးချိန်း ကြန့်ကြာနေမှုကြောင်ပ မိသားစုဝင်များ ၏ စာဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း ဓါးပြမှုဖြင့် ၎င်း ၏ အမျိုးသား အဖမ်းခံရသော မနန္ဒာဝင်း ကပြောကြားသည်။

“ ဓားပြမှုလို့ ပြောရအောင်လည်းသူ့မှာ ဓါးလည်းမပါဘူး။ ဒုတ်လည်းမပါဘူး။ ဒါက ၃၂ ရွာဖြစ်ခဲ့တဲ့ကိစ္စ ၃၂ ရွာမှာ လူပေါင်း၁သောင်းလုပ်ခဲ့တယ်ပေါ့နော်။ ပစ္စည်းကိုယူခဲ့တာက သူ့သူဌေးပစ္စည်းပေါ့နော် သူ့သူဌေးနဲ့ အဆက်အသွယ်ရှိတယ်။” ဟု မနန္ဒလင်းက ဆိုသည်။

အချို့သောဖမ်းဆီးခံရသူ မိသားစုများထံမှာ ငွေကြေးတောင်းခံမှုများရှိသော်လည်း စားဝတ်နေရေး မပြေလည် မှုကြောင့် ပေးဆောင်နိုင်ခြင်း မရှိကြောင်း မွန်ပြည်နယ်လွှတ်တော်သို့ လာရောက်တိုင်ကြား သူများ ကပြောကြားသည်။

“ကျွန်မ အိမ်မှာသိပ်မရှိဘူး ။ အိမ်ကို ရဲတွေလာတာ သုံးယောက်လေးယောက် လာတယ်။ လာပြောပြတယ် ပေါ့နော် ။အိမ်က အလုပ်သမားတွေကို လာပြောတယ် ။ မင်းတို့အမ လာလို့ရှိရင် ပုဒ်မလျော့အောင် စာအိတ်လေးနဲ့ ထည့်သွားပါတဲ့ ပိုက်ဆံသုံးသိန်း စခန်းမှူးကိုသွားပေးလိုက်ပါတဲ့ အမက လုံးဝမပေးဘူး “ ဖမ်းဆီးခံထားရသူတစ်ဦး၏ အမျိုးသမီးဖြစ်သူ မလှိုင်ဦးက ဆိုသည်။

တချို့သော ဖမ်းဆီးခံရသူများ၏ ဇနီးများတွင် ကိုယ်ဝန်ဆောင်များလည်းပါဝင်ပြီး အချို့ အမျိုးသမီးများ မှာ ၎င်းတို့၏ ခင်ပွန်း နှင့် သားများပါ ဖမ်းဆီးခံထားရကြောင်း ၎င်းတို့၏မိသားစုဝင်များ ကပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေသူ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးရဲတင့်က “ဒီပြစ် မှုမှာ ဆွဲထားတဲ့သူ ၁၃ ယောက်က ပြစ်ဒဏ်ရှိရင်လည်း ထိုက်သင့်တဲ့ ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်လိုက်ပေါ့နော်။ အခုဟာက ဓါးပြမှုနှင့်လည်း ဖမ်းထားတယ် ရက်ပေါင်းကလည်း ၆၀ နီးပါးရှိနေပြီ ကျန်တဲ့မိသားစုတွေက အတော် ဒုက္ခရောက်တယ်ပေါ့။” ဟု မှတ်ချက်ပြုပြောဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကလည်း ပူးပေါင်းဖြေရှင်းသွားရန်ရှိကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

“အပြစ်ရှိတယ်ဆိုရင်လည်း ဖမ်း၊ မင်းတို့ကို ဘာကြောင့်ဖမ်းတယ်အဲလိုမဟုတ်ဘဲနဲ့ စခန်းခဏလာအုံး ပြစ်မှုတွေဘာတွေမရှိရင်တော့ သူတို့တွေ ပြန်လွှတ်ပေးရမယ်။ အခုက ရက်ပေါင်း ၅၀အထိ ချုပ်ထားတဲ့ ဟာမျိုးလည်း တွေ့ရတယ်။ ဘာကြောင့်ချုပ်လည်း ဘယ်အချက်ကြောင့်ချုပ်လဲ ဘာသက်သေတွေရှိလဲပေါ့ ကျွန်တော်တို့ ပြန်လည်စုံစမ်းဖို့ လိုပါတယ်။” ဟု ဦးအောင်ကျော်သူက ဆိုသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး ရေးမြို့နယ်ရဲတပ်ဖွဲ့ စစ်ဆေးထားခြင်း မရှိသေးကြောင်း ရေး မြို့နယ်ရဲတပ်ဖွဲ့ျမှူး ရဲမှူး ခင်ညှိက ပြောကြားသည်။

ထိုဖြစ်စဉ်နှင့်ပတ်သတ်ပြီး” ကျွန်တော်တို့မစစ်ဘူး အထက်ကလာ စစ်လိုက်မယ်။ မြို့နယ်ရဲတပ်ဖွဲ့အနေနှင့် စိစစ်ဆောင်ရွက်ထားတာမရှိသေးဘူး ။ကျွန်တော်တို့ သိထားတာပဲ ရှိသေးတယ်။ ကျွန်တော်တို့ဆီကိုလည်းမရောက်သေးဘူး။” ဟု ၎င်း ကရှင်းပြသည်။

ပြီးခဲ့ သည့်မေလ အတွင်းတွင် လမိုင်းမြို့နယ် တွင် Online လေလံမဲ ငွေကြေး ပြသနာ က စတင်ပြီး အဓိကရုဏ်းဆန်ဆန် ဖြစ်ပွားခဲ့သည်။

ရန်လင်းအောင်

Leave a Reply