မော်လမြိုင် မေ

မွန်ပြည်နယ်အတွင်းထုတ်လုပ်သော လမ်းခင်းကျောက်များကို ပြည်ပသို့ တရားဝင် တင်ပို့ရောင်းချမှု လုံးဝခွင့်မပြုထားခြင်း မရှိသောကြောင့် တင်ပို့ရောင်းမှုများကို သက်သေနှင့် တကွ တင်ပြပါက အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောကြားသည်။

မေ ၂ ရက်နေ့တွင် ကျင်းပသော မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင် က မွန်ပြည်နယ်အတွင်း ၂၀၁၈ -၁၉ ဘဏ္ဍာရေး နှစ်တွင် ခွင့်ပြုခဲ့သော ကျောက်မိုင်းများနှင့် ပတ်သက်၍ ဆက်စပ် မေးခွန်းမေးမြန်းခဲ့မှုအပေါ် ထိုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လမ်းခင်းကျောက်ထုတ်လုပ်ခွင့် လိုင်စင်ခွင့်ပြုထားတဲ့ လုပ်ငန်းရှင် ၈၁ ဦး ကနေ ထုတ်လုပ်တဲ့ လမ်းခင်းကျောက်များကို ပြည်ပသို့တင်ပို့ရောင်းချဖို့ ခွင့်ပြုထားတဲ့ဟာမျိုး လုံးဝခွင့်ပြုထားခြင်းမရှိပါဘူး” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လမ်းခင်းကျောက်ထုတ်လုပ်သည့် လုပ်ငန်းရှင်များကို သတ်မှတ်စည်းကမ်းနှင့်အညီ ထုတ်လုပ်ရန်၊ ခွင့်ပြုထားသည့် ကျင်းအရေအတွက်ထက် ပိုမိုမထုတ်လုပ်ရန်၊ အပတ်စဉ်ကျောက်ထုတ်လုပ်မှုစာရင်းများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးပို့ရန်နှင့် ခွင့်ပြုထာသည်ထက် ပိုထုတ်လိုပါက မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်ကို တောင်းခံရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

ပေါင်မြို့နယ်အတွင်းရှိ ကျောက်မိုင်းကုမ္ပဏီတစ်ခုမှ စင်ကာပူကို ကျောက်တင်သွင်းရန်အတွက် အလားတူ ကျောက်ထုတ်လုပ်နေသော ကျောက်မိုင်းတစ်ခုဆီက ကျောက်ကျင်းရေ တစ်သိန်းခန့် ဝယ်ယူရန်ကမ်းလှမ်းထားသည်ကို ကြားသိခဲ့ရခြင်းအပေါ် မေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း ဦးထွန်းမင်းအောင်က ပြောဆိုသည်။

“ကျင့်ဝတ်အရ ဘယ်ကုမ္ပဏီလည်း ကျွန်တော်မပြောဘူး။ ကျိုက်ထိုမြို့နယ်က ကုမ္ပဏီတစ်ခု ကျောက်မိုင်းထုတ်တဲ့ ကုမ္ပဏီတစ်ခု။ သူကဘာပြောလဲဆိုတော့ အစ်ကို့ မဲဆန္ဒနယ်က ကုမ္ပဏီတစ်ခု ကျွန်တော့်ကို ကျောက်ကျင်းတစ်သိန်း အော်ဒါမှာတယ် စင်ကာပူ ပို့ဖို့တဲ့” ဟု ၎င်းက ပြောသည်။

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် ကျောက်မိုင်းလုပ်ငန်း ၈၁ ခု ခွင့်ပြုထားပြီး ကျိုက်မရောတွင် ၁၆ ခု၊ ရေးတွင် ၄ ခု၊ ဘီးလင်းတွင် ၂ ခု၊ ကျိုက်ထိုတွင် ၃၁ ခု၊ သထုံတွင် ၄ ခုနှင့် ပေါင်တွင် ၂၄ ခု ရှိကြောင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး ဆိုသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၉ခုနှစ်၊ ဧပြီလအထိ လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုအရေ အတွက်မှာ (၈၁)ဦး ခွင့်ပြုထားရှိပြီး ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုခဲ့မှု အပေါ် ထုတ်လုပ်သည့်ကျင်း အရေအတွက် စုစုပေါင်း (၄၇၄၇၁၀) ကျင်းရှိပြီး အခွန်ငွေ စုစုပေါင်း (၁၁၈၆၇၇၅၀၀၀ိ/-) ကောက်ခံရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Written by  Hinthar Media

Leave a Reply