မှောင်ခိုဈေးကွက် တစ်ခေတ်ထွန်း စဉ်က စီးပွားရေး ကောင်းခဲ့သော မွန်တို့ ၏ ရာမည မြေသည်ကား အစိုးရ အပြောင်း အလဲ အဆက်ဆက် ကြား စီးပွားရေး ဆူကြုံနိမ့် မြင့်တို့ ကို ခံခဲ့ရသည်။

rubber

စီးပွားရေး လုပ်ငန်း များသည် လည်း ငါးပွက်ရာ ငါးစာချ ရင်းနှီးမြှုပ်နှံမှုများ သာ ပြုလုပ်ခဲ့သည်။

အစိုးရ နှင့် စီးပွားရေး လုပ်ငန်းရှင် မူဝါဒ တစ်ရပ် ပီပီပြင်ပြင်ရေး ဆွဲပြီး စီမံကိန်း ချ လုပ်ဆောင် ခြင်း ကား မရှိ ခဲ့ပေ။

မွန်ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လမ်းစများကို ပြည်နယ်အစိုးရတာဝန်ရှိသူများက စတင်ရှာဖွေနေပြီ ဖြစ်သည်။

“လာမည့် တစ်လ၊နှစ်လ အတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေရော၊ အကုန်လုံးနဲ့တွေ့ဆုံပြီး ဆွေးနွေးသွားမယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက အစီအစဉ်များကို ရှင်းပြသည်။

ပြည်နယ်စီးပွားရေးဖွံ့ဖြိုးရေးအတွက် လုပ်ငန်းရှင်များ၊ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကဏ္ဍစုံအတွက် ပါဝင်မည်ဖြစ်ပြီး တစ်ခုချင်းစီအတွက် အဖြေရှာ၍မူဝါဒများ ချမှတ်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆို သည်။

ထိုသို့ တွေ့ဆုံဆွေးနွေး၍ စီးပွားရေးအတွက် မူဝါဒများချမှတ်မည်မှာ မဖြစ်မနေလုပ်ဆောင်ရမည့် ကိစ္စ တစ်ရပ်ဖြစ်ပြီး လက်ရှိ မွန်ပြည်နယ်အတွင်းရင်ဆိုင်နေရသည့် စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များက ပြောဆိုကြသည်။
လူနှစ်သန်းကျော်နေထိုင်သော မွန်ပြည်နယ်၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးရေးကဏ္ဍတွင် လယ်ယာနှင့် ရော်ဘာမှအစ ကွမ်းသီးခြံများအဆုံး လုပ်ငန်းအသီးသီးတွင် အကျပ်အတည်းအမျိုးမျိုးရင်ဆိုင်နေရသည်။

ဈေးကွက်အတွင်း၌ ပြည်နယ်ထုတ်ကုန်များမှာလည်း အိမ်နီးချင်းနိုင်ငံများ၏ ယှဉ်ပြိုင်မှုကို ခံနေရပြီး ပြည်ပရွှေ့ပြောင်းလုပ် သားများပြားလာခြင်းကိုပါ ကြုံတွေ့နေရပြီဖြစ်သည်။

လက်ရှိအနေအထားများနှင့်ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော်၏ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများလေ့လာသုံးသပ်ရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမင်းစိုးလင်းကတော့ “ပြည်နယ် စီးပွားရေးက ပြောရရင်တော့ ဒုက္ခတွင်းထဲ ရောက်နေတယ်”ဟု သာ သုံးသပ်ပြောဆိုသည်။
ယင်းဒုက္ခတွင်းမှ ရုန်းထွက်နိုင်ရန် လက်ရှိ ပြည်နယ်အစိုးရနှင့် လွှတ်တော်က ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ၎င်းကပင် သုံးသပ်ပြောဆိုသည်။

ယိုင်နှဲ့နှဲ့ စိုက်ပျိုးရေး

မွန်ပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေး လုပ်ငန်း အသီးသီးတွင် ပြီးခဲ့သောနှစ်များမှ စတင်၍ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။
အထူးသဖြင့် ရော်ဘာလုပ်ငန်းမှာ ကမ္ဘာ့ဈေးကျဆင်းခြင်းနှင့်အတူ မွန်ပြည်နယ်အတွင်း ဈေးနှုန်းများကျဆင်း၍ ဈေးကွက်ပျက်နေသည်မှာ သုံးနှစ်ဝန်းကျင်ကြာမြင့်နေပြီဖြစ်သည်။

“ရော်ဘာက ဈေးကျနေတယ်၊ ဈေးကွက်ပျက်နေတယ်” ဟု ဒေါက်တာမင်းစိုးလင်းက ပြောဆိုသည်။
ဈေးကွက်ပျက်နေသော်လည်း ရရှိသည့်အနေအထားမှတစ်ဆင့် ရော်ဘာလုပ်ငန်းကို ပြန်လည်အောင်မြင်အောင် လုပ်ကိုင်ရမည်ဖြစ်ပြီး အရည်အသွေးမြင့်ရော်ဘာထုတ်လုပ်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများက ဆိုကြသည်။

အရည်အသွေးမြင့်ရော်ဘာထုတ်လုပ်ခြင်းကို ခြံကြီးသမားများမှာ လုပ်ကိုင်နိုင်သော် လည်း ခြံငယ်များမှာ မထုတ်လုပ်နိုင်ဘဲအခက်အခဲနှင့် ပိုမိုရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။

ယင်းကြောင့် ခြံငယ်များကို စုပေါင်း၍ အရည်အသွေးမြင့်ရော်ဘာ ထုတ်လုပ်နိုင်သည့် အနေအထားမျိုးဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရော်ဘာလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ခဲ့သူ ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ရှင်းပြသည်။

“ရော်ဘာအရည်အသွေးတွေကို ထိန်းချုပ်နိုင်ရင် ဈေးကွက်ကို အကောင်အထည်ဖော်ပြီးသား ဖြစ်သွားမယ်” ဟု ၎င်းက ဆိုသည်။
လယ်ယာကဏ္ဍအတွက်မူ စိုက်ပျိုးစရိတ်ချေးငွေများကို ကျပ် တစ်သိန်းခွဲအထိ ယခုနှစ်တွင် တိုးမြှင့်ချေးပေး ခဲ့သော်လည်း ယင်းမှာ လယ်သမားများအတွက် အလုံးစုံဖြေရှင်းနိုင်သည့် ပြဿနာမဟုတ်သေးပေ။

နှစ်ရှည်ကြာမြင့်စွာ ဖော်ဆောင်ခဲ့သည့် စက်မှုလယ်ယာကဏ္ဍသို့ အမှန်တစ်ကယ် တက်လှမ်းရတော့ မည်ဖြစ်သည်။
ယင်းအချက်ကို ဝန်ကြီးချုပ် ဦးမင်းမင်းဦးကလည်း လက်ခံထားပြီး “လယ်ယာတွေက လက်မှုလယ်ယာနဲ့ သွားလို့မရတော့ဘူး၊ စက်မှုလယ်ယာကို သွားမှ ဖြစ်တော့မယ်”ဟု ဆိုလေသည်။

ဆန်လုပ်ငန်းရှင်များကမူ စက်မှုလယ်ယာစနစ်သွားနိုင်ရန် ဖော်ဆောင်ရာတွင် လယ်သမားများအတွက် ဒေသနှင့် ကိုက်ညီမှုရှိမည့် စက်များကို သေချာစိစစ်၍ လယ်သမားတိုင်း ဝယ်ယူအသုံးပြုနိုင်ရန် လုပ်ဆောင်သင့်ကြောင်း သတိပေးပြောဆိုသည်။

ဆန်စပါးကိုလည်း ရော်ဘာနည်းတူ အရည်အသွေးတွင် ပြည့်မီအောင်ဆောင်ရွက်၍ နိုင်ငံတကာဈေးကွက်ရရှိရန် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်နယ်အတွင်း စံပြလယ်ယာစိုက်ခင်းစီမံကိန်းကြီးများဖြစ်ရန် ကြိုးစားနေကြောင်း ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများလေ့လာသုံးသပ်ရေးကော်မတီ၏အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက ရှင်းပြသည်။
” ဒါတွေက ဒီငါးနှစ်အတွင်းမှာ မဖြစ်ဖြစ်အောင် လုပ်သွားရမယ့် အနေအထားဖြစ်တယ်” ဟု ၎င်းက ဆိုလေသည်။

စက်မှုနဲ့ စီမံကိန်း

အခြေခံအဆောက်အအုံ အခက်အခဲရှိနိုင်သော်လည်း စက်မှုလုပ်ငန်းမှာ မွန်ပြည်နယ်အတွင်း တွင်ကျယ်လာရန် အကောင်အထည်ဖော်ရမည့် ကဏ္ဍဖြစ်နေသည်။
ပြည်နယ်အစိုးရတာဝန်ရှိသူများက စက်မှုလုပ်ငန်းများမှ ကုန်စည်များ ထုတ်လုပ်၍ ပြည်ပသွင်းကုန်များ နေရာ တွင် အစားထိုးဝင်ရောက်နိုင်ရန် မျှော်မှန်းထားကြသည်။
မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်း၌ အိမ်သုံးပစ္စည်းနှင့် စားသောက်ကုန်မှ အစ ထုတ် ကုန်တော်တော်များမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်းနှင့် တရုတ် နိုင်ငံများမှ သွင်းကုန်များက နေရာယူ ထားသည်။

ပြည်နယ်အခြေစိုက်စက်မှုလုပ်ငန်းများမှ ထုတ်ကုန်များ အဆင်ပြေပြေနှင့် အရည်အသွေးမီမီထုတ်လုပ်နိုင်ပါက ဈေးကွက်မှာ အသင့်ရှိကြောင်း မော်လမြိုင်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်များက ဆိုကြသည်။
စက်မှုလုပ်ငန်းများတွင်ကျယ်လာရေးအတွက် နိုင်ငံခြားသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားပြီး တွေ့ဆုံမှုများ လည်းပြုလုပ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်နယ်တွင်းရှိလုပ်ငန်းရှင်တွေ ပေါင်းပြီး အလတ်စားလုပ်ငန်းကို လုပ်လို့ ရတယ်”ဟု ပြည်ပသွင်းကုန်များနေရာတွင် အစားထိုးထုတ်ရေးနှင့်ပတ်သက်၍ ဝန်ကြီးချုပ်က အဖြေထုတ် သည်။

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ အကြီးစားစက်မှုစီမံကိန်းများလည်း ဝင်ရောက်လာရန်လိုအပ်ပြီး ဒေသခံများ ထိခိုက်မှုမရှိရန် သေချာစိစစ်၍ လုပ်ဆောင်သင့်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။

“လုပ်ငန်းကြီးတွေကို လာရောက် ရင်နှီးမြှပ်နှံတဲ့ သူတွေလာမှ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုတိုးတက် လာမှာ ဖြစ်တယ်၊ ပြည်နယ်မှာက လုပ်သားအင်အား မရှိတော့ဘူး” ဟု ဦးမင်းမင်းဦးက ထပ်လောင်းရှင်းပြ သည်။

မွန်ပြည်နယ်အတွင်းရှိ လုပ်သားအင်အားစုများမှာ လက်ရှိတွင် လုပ်ခလစာနှင့် အလုပ်အကိုင်အခွင့်အလမ်း အတွက် ထိုင်းအပါအဝင် ဒေသတွင်းနိုင်ငံများသို့သွားရောက်လုပ်ကိုင်လျက်ရှိသည်။

ယင်းမှာ ပြည်နယ်၏ ကုန်ထုတ်နိုင်စွမ်းအားနှင့် အခြားလူ့စွမ်းအားအရင်းအမြစ် အခွင့်အလမ်းများအတွက် ဆုံးရှုံးမှုများ ရှိနေသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန်လိုကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။
“ကျွန်တော်ကတော့ အဲဒါတွေကို ပြောင်းလဲချင်နေပြီ”ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောဆိုသည်။

ပြည်သူအလိုကျ မူဝါဒ

လယ်ယာကဏ္ဍအတွက် လက်ရှိအစိုးရဖွဲ့စည်းထားသော NLD ပါတီ၏ ရွေးကောက်ပွဲကြေညာ စာတမ်းပါ မူဝါဒများကို မဖြစ်မနေလုပ်ဆောင်မည်ဆိုပါက အဆင်ပြေနိုင်သော်လည်း ရော်ဘာအတွက်မူ ပြည်နယ်အစိုးရက ချမှတ်မည့် မူဝါဒများတွင် သေချာထည့်သွင်းစေလိုကြောင်း ရော်ဘာလုပ်ငန်းရှင်များက ပြောကြားသည်။
အရည်အသွေးမြင့် ရော်ဘာထုတ်လုပ်နိုင်ရေးအတွက် ချေးငွေနှင့် နည်းပညာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေး ရန်လိုအပ်ကြောင်း မွန်ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။

စက်မှုလုပ်ငန်းကြီးများနှင့် စီမံကိန်းများလုပ်ဆောင်ရာတွင်မူ သေချာစစ်ဆေးသင့်ပြီး ဒေသခံပြည်သူများအတွက် ထိခိုက်မှုရှိမရှိကို ဦးစားပေးစဉ်းစားသင့်ကြောင်း ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မင်းအောင်မွန်က အကြံပြုပြောဆိုသည်။
အကြီးစားရင်းနှီးမြှုပ်နှံမှုများသည် ပြည်ထောင်စုအစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရများထံမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မှတ်ချက်သဘောထားတောင်းခံလေ့ရှိသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့သော ကျိုက်မရောမြို့နယ်အတွင်းရှိ MCL ဘိလပ်မြေစက်ရုံမှာမူ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားသုံးမည့် ကိစ္စနှင့်ပတ်သက်၍ ဒေသခံများက ကန့်ကွက်လျက်ရှိသည်။

ယခင်က ခွင့်ပြုခဲ့သော လုပ်ငန်းကြီးများကိုလည်း စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ယခုအစိုးရလက်ထက် တွင်လည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ရှိမည့် လုပ်ငန်းများကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများက ပြောဆိုကြသည်။

အကြီးစားစီမံကိန်းများနှင့်ပတ်သက်၍ ” ကျွန်တော်တို့ မူဝါဒကတော့ EIA၊ SIA (သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်ချက်) ပဲ၊ ဒါတွေကို လက်ခံနိ်ုင်တဲ့ အဆင့်မှာဆို ခွင့်ပြုသွားမယ်၊ အဲဒါတွေထက်ကျော် လာရင်တော့ ကျွန်တော်တို့လည်း လက်ခံမှာ မဟုတ်ဘူး” ဟု ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြတ်ပြတ်သားသား ဆိုသည်။

ထို့အတူ ပြည်နယ် စီးပွားရေးဖွံ့ဖြိုးရေးအတွက် ပြည်သူများ၊လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ပြီး အားလုံးနှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြည်နယ်ဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် စီးပွားရေး မူဝါဒချမှတ်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားကြသည်။

ကျိုက်မရောမဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်ကတော့ ပြည်နယ် အတွက် စီးပွားရေးမူဝါဒ ချမှတ်ပါက အမှန်တကယ်ကိုင်တွယ်နိုင်မည့် အနေအထားကိုသာ ချမှတ်သင့်ကြောင်း ရှင်းပြသည်။

” ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်အတွက် စီးပွားရေးမူဝါဒတွေကို ချမယ်ဆိုရင် ကိုယ်တကယ်လုပ်နိုင်တဲ့ ကိုင်တွယ်နိုင်တဲ့အနေအထားကို ချသင့်တယ်၊ အဓိကကတော့ ပြည်နယ်အစိုးရ တာဝန်ပဲ”ဟု ၎င်းကဆိုလေသည်။

Leave a Reply