မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ်၌ ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲမည့် ဘတ်ဂျက်ငွေတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အများဆုံး သုံးစွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးကပြောသည်။

“၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ သာမန်အသုံးစရိတ်တွေဟာ အများဆုံးဖြစ်နေပြီး ဖွံ့ဖြိုးရေးလုပ်တဲ့စရိတ်တွေ နည်းနေတာကိုတွေ့ရတဲ့အခါ နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုအနေနဲ့ ၂၀၁၇-၂၀၁၈ ကစပြီး ဖွံ့ဖြိုးရေးအသုံးစရိတ်တွေ ပိုပြီးတက်လာတာကို တွေ့ရှိရပါတယ်” ဟု၎င်းကပြောသည်။

သာမန်အသုံးစရိတ်များဖြစ်သော ရုံးအသုံးစရိတ်၊ ပြုပြင်ထိန်းသိမ်းမှုစရိတ်စသည်တို့ကို လျှော့ချပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအနက် လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးနှင့် လျှပ်စစ်မီးရရှိရေးတွင် အများဆုံးသုံးစွဲထားကြောင်း ၎င်းကပြောသည်။

ယခု ဘဏ္ဍာရေးနှစ်တွင် ၂၈ ဒသမ ၆၁ ရာခိုင်နှုန်း ကို လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ၉ ဒသမ ၄၆ ရာခိုင်နှုန်းကို လျှပ်စစ်မီးရရှိရေး၊ ၇ ဒသမ ၈၉ ရာခိုင်နှုန်းကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ၉ ဒသမ ၅၂ ရာခိုင်နှုန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အသီးသီးသုံးစွဲထားကြောင်း Citizen Budget စာစောင်တွင်ဖော်ပြထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ငွေ၏ စုစုပေါင်းအသုံးစရိတ် ကျပ် ၉၅ ဘီလီယံတွင် သာမန်အသုံးစရိတ် ၃၁ ဘီလီယံနှင့် ဖွံ့ဖြိုးရေးအတွက် ငွေလုံးငွေရင်းအသုံးစရိတ် ၆၄ ဘီလီယံ အသုံးပြုထားသည်။

ယခု ဘဏ္ဍာနှစ်တွင်မူ ဘက်ဂျက်ငွေ စုပေါင်းအသုံးစရိတ် ၁၀၃ ဘီလီယံကျော်သတ်မှတ်ထားပြီး သာမန်အသုံးစရိတ် ၂၈ ဘီလီယံကျော်နှင့် ဖွံ့ဖြိုးရေးအတွက် ငွေလုံးငွေရင်းအသုံးစရိတ် ၇၅ ဘီလီယံကျော် သုံးစွဲရန်လျာထားသည်။

စန္ဒာဉာဏ်

Leave a Reply