ကျိုက်ထို၊ ဖေဖော်ဝါရီ ၂၆ ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းမစခန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဖေဖော််ဝါရီ ၂၅ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်က ဘီးလင်းဘက်မှ ကျိုက်ထိုဘက်သို့ ဦးနေမျိုးအောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် လမ်းဘေးသို့ အရှိန်လွန်ထိုးကျခဲ့သဖြင့် ဆိုင်ကယ်ယာဉ်မောင်း သေဆုံးခဲ့ရကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။

ဦးနေမျိုးအောင် မောင်းနှင်သော Dream 100 ဆိုင်ကယ်သည် လမ်းဘေးထိုးကျခဲ့စဉ် ‘ပီတီပါဝါ’ စက်သုံးဆီဆိုင် လမ်းညွှန်ဆိုင်းဘုတ်၏ အောက်ခြေအုတ်ခုံနှင့် ဆောင့်မိခဲ့ခြင်းကြောင့် ယာဉ်မောင်းသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် ယင်းနေရာတွင် သေဆုံးခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိမ်းမှောက်မှုဖြင့် သေဆုံးခဲ့သူ ဦးနေမျိုးအောင်သည် ဆိုင်ကယ်ဦးထုပ် မဆောင်းထားခြင်းနှင့် အရက်န့ံများ ရနေသည့်အပြင် ယာဉ်မောင်း လိုင်စင်မရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးနေမျိုးအောင်ကို ကျိုက်ထိုမြို့မရဲစခန်းတွင် (ပ)၁၆/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄ (က)/၂၇၉ ဖြင့် အမှုဖွင့်ခဲ့ကြောင်း ယင်းစခန်းထံမှ သိရသည်။

Leave a Reply