ရန်ကုန်၊ အောက်တိုဘာ ၁၄ ။ ။ ရန်ကုန်မြို့လယ်ခေါင်ရှိ လမ်းဘေးနှင့် ပလက်ဖောင်းများတွင် ဖွင့်လှစ်ရောင်းချနေသည့် လမ်း ဘေး ဈေးသည်များ စနစ်တကျဖြစ်စေရေးအတွက် ဈေးရောင်းခွင့် မှတ်ပုံတင်ပြုလုပ်ပေးရန် စီစဉ်လျက် ရှိကြောင်း တိုင်းဒေသကြီး အစိုးရထံမှသိရသည်။

bazar-copy-copy
အောက်တိုဘာလ ၁၄ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တွင် လမ်းဘေးဈေးသည်များ စနစ်တကျဖြစ်စေရေးနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် ဝန် ဦးမောင်မောင်စိုးက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် လသာမြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က အများ ပြည်သူပိုင် မြေများ၊ ဈေးပတ်ဝန်းကျင်များ၊ လမ်းများပေါ်တွင် တည်ခင်းရောင်းချနေသော ဈေးသည်များကို စည်းကမ်းသတ်မှတ်ချက် ထားရှိကာ စနစ်တကျ တည်ခင်းရောင်းချစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိ ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စရပ် နှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “ ဈေးရောင်းချသူတွေရဲ့ အချက်အလက်တွေပါတဲ့ ကွန်ပျူတာစနစ် မှတ်ပုံတင်ကဒ်ကို ဈေးသည်တွေကို ထုတ် ပေးမယ်၊ ပြီးရင်အခွန်အခတွေ ကောက်ခံပြီး သတ်မှတ်ပေးတားတဲ့ နေရာမှာ ဈေးရောင်းခွင့်ပေးမယ်၊ ရောင်းချ ခွင့်ပြုတယ့် နေရာကို မကြာခင်မှာပဲ ကြေညာပေးသွားပါမယ်။ ” ဟုဆိုသည်။

ထို့အပြင် ဈေးရောင်းချခွင့် မှတ်ပုံတင် ပြုလုပ်ပေးရေးအတွက် ရန်ကုန်မြို့တွင်းရှိ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း မြို့နယ် များရှိ လမ်းဘေးဈေးသည် အရေအတွက်ကို တွင် ဇူလိုင် ၂၀ ရက်မှ စတင်၍ စာရင်းကောက်ခံ လျက်ရှိကြောင်း ၎င်းကဆိုသည်။

စာရင်းကောက်ယူပြီးနောက် လမ်းဘေးဈေးသည်များကို နေရာသတ်မှတ်ကာ စတင်ဈေးရောင်းချခွင့် ပြုမည်ဖြစ်ပြီး ယင်းနေရာများတွင် ရေ၊ လျှပ် စစ်မီးများ ရရှိရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ထိုင်းနိုင်ငံမှာဆိုရင် လမ်းဘေးဈေးသည်တွေ သိန်းနဲ့ချီရှိပါတယ်၊ အဲ့ဒီဈေးသည်တွေဆိုရင် သူတို့ဌာနဆိုင်ရာ ပေးထားတဲ့နေရာမှာ သတ်မှတ်ချိန်တိုင်းရောင်းပြီး အမှိုက်တွေကိုလဲ စနစ်တကျရှင်း သွားပါတယ်၊ ဒါကိုကြည့် ခြင်းအားဖြင့် ကျွန်တော်တို့ဆီက လမ်းဘေးဈေးသည်တွေ စနစ်တကျရောင်းချစေနိုင်မယ့် စနစ်တစ်ခုရှိဖို့ လိုပါ တယ်။ ” ဟု လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ပြောကြား သည်။

အလားတူ ရန်ကုန်မြို့တွင်း ရောင်းချနေသည့် လမ်ဘေးဈေးသည်များကို မြို့ပြအင်္ဂါရပ်နှင့် အညီ စနစ်တကျ ရောင်းချနိုင် ရေးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတစ်ရပ် တင်သွင်းထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှသိရသည်။
Photo – ရွှေပြည်ဟိန်း

Leave a Reply