Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၂၉

မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်၊ ရွှေနတ်တောင်ဂေါက်ကွင်းအရှေ့တွင် မန္တလာမင်း Express ခရီးသည်တင်မှန်လုံယာဉ်မှ ကားဘီး စလစ်ဖြစ်ကာ နေအိမ်ဝင်ရောက်တိုက်မိခဲ့သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်း ၁၅၀ ပေးဆောင်ခဲ့ကြောင်း မန္တလာမင်းဂိတ်တာဝန်ခံ ဦးလွင်ကိုကိုလတ်က ဟင်္သမီဒီယာသို့ ပြောကြားသည်။

လျော်ကြေးငွေ ပေးအပ်ရန်အတွက် မန္တလာမင်း တာဝန်ရှိသူနှင့် အာမခံကုမ္ပဏီမှ ကိုယ်စားလှယ်တို့က လေးကြိမ် တိုင်ဆွေးနွေးညှိနှိုင်းပြီးနောက် ဒီဇင်ဘာ ၂၉ ရက်တွင် ပြေလည်မှုရရှိကာ အိမ်ရှင်မိသားစုဝင်များက လျော်ကြေးငွေ ကျပ်သိန်း ၁၅၀ ပေးအပ်မှုကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပထမကျွန်တော်တို့ သွားညှိတဲ့အချိန်မှာ ပြောပြတယ်။ အိမ်ကိုပြင်ပေးရမလား၊ ဘယ်လိုလုပ်ပေးရမလဲမေးတော့ အိမ်ပြင်ပေးလို့ ပြောတော့ အိမ်ကိုပြင်ပေးမယ်၊ ပြင်ပေးဆိုတော့ သူတို့အိမ်က ကျွန်းနဲ့ဆောက်ထားဆိုတော့ ကျွန်းပစ္စည်းဆိုရင် ကျွန်ပစ္စည်းပေါ့၊ ပျဥ်းကတိုးဆိုရင် ပျဉ်းကတိုးနဲ့ အစားထိုးပြင်ပေးမယ်ပြောတော့ သူတို့က အဲလိုပြင်တာသဘောမကျဘူး အကုန်လုံးကို သိန်း ၂၀၀ ပေးဖို့တောင်းတယ်”၎င်းက ပြောသည်။

မန္တလာမင်း Express ခရီးသည်တင်မှန်ယာဉ်သည် ဒီဇင်ဘာ ၂၇ ရက် နံနက် ၆ နာရီခန့်တွင် မော်လမြိုင်မှ မုဒုံဘက်သို့ ခရီးသည်များ တင်ဆောင်၍ မောင်းနှင်းလာစဉ် ကားဘီးစလစ်ဖြစ်ကာ လမ်းဘေးရှိ စမ်းကြီးရပ်ကွက်နေ ဒေါ်စန်းငွေ ၏ နေအိမ်တစ်လုံး၊ ဒေါ်ဌေးဌေးဝင်း၏ နေအိမ်တစ်လုံးအပါအဝင် ကိုကျော်လှိုင်ဝင်း၏ လေထိုးကျွတ်ဖာ ဆိုင်ကိုပါ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့သည်။

ထိုယာဉ်တိုက်မိမှုဖြစ်ပွားခဲ့သော်လည်း ကားပေါ်ပါ ခရီးသည်များနှင့် နေအိမ်ရှိ မိသားစုဝင် မည်သူမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ ယာဉ်တိုက်မှုကြောင့် နေအိမ်နှစ် လုံးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၄၀ ၊ လေထိုးကျွတ်ဖာဆိုင်၏ ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးငွေ ၁၀ သိန်းနှင့် မော်တော်ယာဉ်ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်းဖိုးငွေ ကျပ် ၁၀ သိန်း ရှိခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

လမ်းဘေးရှိ နေအိမ်ကို ဝင်တိုက်မှုကြောင့် ယာဉ်မောင်း ဦးဇော်လွင်ဦးကို မုပွန်နယ်မြေရဲစခန်းမှ ယာဉ် (ပ) ၃၈/ ၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူထားကြောင်း မုပွန်နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ဇေယျာသိန်းက ဆိုသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply