လမ်းမပေါ်က ရတနာဂယက် အဆုံး ဘယ်လိုသတ်

အမှောင်ထုအကြားက ကတ္တရာလမ်းမပေါ်မှာ ဓာတ်မီးရောင်ဖြူဖြူလေးတွေဟာ ပြိုးပြိုးပြက်ပြက်နဲ့ ဟိုတစ်ကွက် ဒီတစ်ကွက် လင်းလက်နေပါတယ်။ ကားကြီး၊ ကားငယ်၊ ဆိုင်ကယ်အသွယ်သွယ်ထံက ထွက်ပေါ်နေတဲ့ အလင်းရောင်နဲ့ အပြိုင်ပေ့ါ။

ဟွန်းသံတတီတီ၊ ဝီစီသံတရွှီရွှီ၊ ခြင်တဝီဝီအကြား ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်ပေးနေတဲ့ လမ်းပေါ်မှာ ငုတ်တုတ်ထိုင် ခြေရွှေ့ရင်း မျက်စေ့အောက်က မြေကြီးနဲ့ ကတ္တရာလမ်းအပေါ် အာရုံအပြည့်စူးစိုက်နေကြသူတွေဟာ သုံးရာခန့်အထိရှိပါတယ်။

မွန်ပြည်နယ် မုဒုံမြို့နယ် မော်လမြိုင် – သံဖြူဇရပ် ကားလမ်းပိုင်းမှာရှိတဲ့ နှီးပဒေါကျေးရွာအနား လမ်းမပေါ်မှာ အနီရောင် သန်းနေတဲ့ ရတနာတွေပေါ်ထွက်နေတယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ အောက်တိုဘာ ၉ ရက် ညပိုင်းမှာ ဖြစ်ပေါ်နေတဲ့မြင်ကွင်းပါ။

လမ်းနံဘေးနေအိမ်တစ်လုံးမှာနေထိုင်တဲ့ ကလေးငယ်တစ်ယောက် ကောက်ယူရရှိတာကနေ ထွက်ပေါ် ခဲ့တဲ့ ဒီသတင်းကြောင့် ညနေပိုင်းအလင်းရောင်ရှိချိန်တုန်းကဆို အခုထက်ပိုမိုတဲ့ လူအင်အားရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောကြပါတယ်။

“သူများတွေသွားကောက်ကြတယ်ကြားလို့ ကျွန်တော်တို့လည်းလာကောက်တာ၊ ဒီအရွယ်ထက်ကြီးတယ်ဆိုရင် တော့ သူများတွေပြောတာက တစ်လုံးကို နှစ်ထောင်(ကျပ်)၊ တစ်ထောင်လောက်ရမယ်ပြောတယ်” လို့ ကိုကျော်ဇင်ထွန်းကဆိုတယ်။

သူဟာ အနီးအနားကျေးရွာမှာနေထိုင်ပေမယ့် ခြင်းလုံးခတ်နေရင်း ဒီသတင်းကြားတာကြောင့် ရောက်လာ ခဲ့ကာ ည ၉ နာရီလောက်အထိ ဆက်လက်ကောက်ယူသွားမယ်လို့ ဟင်္သာကို ပြောပါတယ်။

ရတနာတွေတွေ့တယ်ဆိုတဲ့သတင်းကြောင့် အချိန်ကြာလာတာနဲ့အမျှ ရွာခံတွေအပြင်၊ အနီးပတ်ဝန်း ကျင်ကပါ ရောက်ရှိလာကြပြီး တချို့ဆို ခရီးသွားရင်းလမ်းခုလတ်မှာတွေ့လို့ ဝင်ရောက်ဆင်နွှဲကြသူတွေ တောင် ဒီနေရာမှာတွေ့ခဲ့ရပါတယ်။

ကျိုက္ခမီ-စက်စဲ ကို သွားလည်ရာကပြန်လာတဲ့ အမျိုးသမီးကြီးတစ်ဦးကို စုံစမ်းမေးမြန်းကြည့်ရာမှာတော့ သူများတွေ ကောက်လို့ ဝင်ကောက်နေတာဖြစ်ပြီး ဘာအမျိုးအစားလဲ ဘာကျောက်လဲဆိုတာမသိဘူးလို့ဆိုတယ်။

“မသိဘူးလေ၊ နားမလည်ဘူးလေ၊ သူများကျောက်ဆိုတော့ ကိုယ်လည်းကျောက်ပေ့ါ။ အပျော်ပေ့ါ”လို့ နာမည် ထုတ်မပြောခဲ့တဲ့ ကျိုက်မရောမြို့နယ်၊ပိန္နဲကုန်းကျေးရွာမှ အဆိုပါအမျိုးသမီးက မှတ်ချက်ပြုသွားပါတယ်။

လမ်းနံဘေးက နေအိမ်မှာနေထိုင်တဲ့ အမျိုးသားကြီး တစ်ဦးကတော့ သူ့မြေးအရွယ် ကလေးငယ်လေး လမ်းနံဘေးကနေ ကြုံးယူလာတဲ့ မြေမှုန်၊ကျောက်မှုန်တွေထဲက အနီရောင် အပိုင်းအစလေးတွေ ကူညီရွေးထုတ်ပေးနေရင်းပြောတာက “တန်ဖိုးရှိတဲ့ကျောက်က အနည်းဆုံးမန်ကျည်းစေ့တစ်ဝက်လောက်ရှိရမှာ၊ အခုက အဲဒီလိုမှ မဟုတ်ဘဲ အဲဒါပဲ”တဲ့။

လမ်းဘေးမြေသား၊ လမ်းနဖူးက ကျောက်မှုန် မြေမှုန်တွေအကြားရှာရတာ အားမရလို့ ကတ္တရာလမ်းပေါ် အထိတက်ပြီး ဆိုက်ကယ်သော့နဲ့တစ်ဖုံ၊ သံအချွန်လေးတွေနဲ့ တစ်သွယ်တူးဆွရှာဖွေနေတဲ့သူတွေကိုတော့ ရဲ တပ်ဖွဲ့နဲ့ ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေက ယာဉ်မတော်တဆမှုမကြုံရလေအောင် ကူညီစောင့်ရှောက် လမ်း ရှင်းပေးနေကြပါတယ်။

ဒီနေရာကိုရောက်ခဲ့ချိန်ကရော နောက်ပိုင်းမှာပါ ပါဝင်သူအချို့ထံဟင်္သာက စုံစမ်းကြည့်တဲ့အခါ တန်ဖိုးကြီးကြီး မားမားရှိတယ်လို့ ယူဆသူတစ်ဦးတစ်ယောက်မှ မတွေ့ခဲ့ရပေမယ့် ဒီအခြေအနေဟာ နောက်နှစ်ရက် အောက်တိုဘာ ၁၁ ရက်အထိဖြစ်ပေါ်ခဲ့ပြီး လူပမာဏနည်းသွားပေမယ့် ရှာ ဖွေမှုအချို့ရှိနေခဲ့ပါသေးတယ်။

ဒီကျောက်တွေဟာ ပုံပြင်တွေထဲကလို ကောင်းကင်ပေါ်ကကျလာတာလို့ ယူဆကြသူမတွေ့ရပေမယ့် လမ်းခင်း ရာမှာ သုံးတဲ့ကျောက်တွေထဲကပါလာတာ၊ အဝေးပြေးကားတစ်စီးပေါ်ကနေ အလှဆင်ကျောက်အိတ်ပေါက်ကျ ခဲ့တာစသဖြင့် အယူဆကွဲတဲ့ သုံးသပ်ချက်တွေကိုတော့ ကြားရပါတယ်။

မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်စိုးကတော့ အောက်တိုဘာ ၁၂ ရက် ကစပြီး ကျောက် ကောက်ယူသူတွေမရှိတော့တဲ့ အကြောင်း၊ မြို့နယ် ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လာရောက် စစ်ဆေးသွားကြောင်းသိရပါတယ်။

ဒီကိစ္စဘယ်လိုဖြစ်ပေါ်ရသလဲဆိုတဲ့ အဖြေကို ဦးကျော်စိုးထံကသိရတာက “လမ်းခင်းချိန်မှ ပါလာတယ်လို့ပဲ သူတို့ (လာရောက်စစ်ဆေးသူများ) က ပြောတယ်။ ကားပေါ်က ကျခဲ့တာလို့တော့ မထင်ကြပါဘူး”တဲ့။

ကောက်ယူရရှိသူတွေ ဘယ်လိုအခြေအနေရှိလဲလို့ စုံစမ်းကြည့်ရာမှာတော့ “အမှတ်တရအနေနဲ့ပဲ သိမ်းဆည်းထားကြတယ်”လို့ ဦးကျော်စိုးက ဆိုတယ်။

ခေတ်မင်း၊ လျှမ်းထက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.