ချောင်းဆုံ အောက်တိုဘာ

ချောင်းဆုံမြို့နယ် ရှိ ကျေးရွာလယ်ကွင်းများ ချောင်းမြောင်းများတွင် ငါး ၊ ပုဇွန်နှင့် ငှက်များကို ဓာတုဆေး ဝါးများ အသုံးပြုလျက် ဖမ်းဆီးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ချောင်းမြောင်းတွေမှာ ငါး ၊ ပုဇွန်တွေကို ဆေးခတ်ပြီးဖမ်းဆီးနေသလို ဆေးမိထားတဲ့ငါးပုဇွန်တွေကိုစားတဲ့ ငှက်တွေကိုလည်းအလွယ်တကူကောက်ယူဖမ်းဆီးနေတာတွေရှိတယ် ။ဓာတုဆေးဝါးတွေနဲ့ဖမ်းဆီးထားတဲ့ ငါး ၊ ပုဇွန်တွေ ၊ ငှက်တွေကိုဈေးထဲမှာရောင်းနေတာတွေတွေ့ရတယ်”ဟု ကွမ်ရိုက်ကျေးရွာနေ ဦးညီလွင်ကဆိုသည်။

မိမိတို့ လယ်အတွင်းငါး၊ ပုဇွန်ဆေးခတ်၍ဖမ်းဆီးခြင်း၊ လျှပ်စစ်ရှော့ခ်ရိုက်၍ဖမ်းဆီးနေခြင်းကို တွေ့မြင် သိရှိသောလယ်သမားအချို့က သွားရောက်တား ဆီးရာမှ ခိုက်ရန်ဖြစ်ပွားမှုများလည်း ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်အတွက် မိတ်ဖက်ငှက်ဖြစ်သည့် ခရုစုပ်ငှက်များကို ဖမ်းဆီးကာ မုရစ်ကလေးကျေးရွာဈေးတွင် ရောင်းချနေခြင်းများလည်း ရှိနေကြောင်း အဆိုပါကျေးရွာနေ ဦးဗညားက ဖွင့်ဟသည်။

“ဓာတုဆေးဝါးသုံးပြီး ငါး ၊ ပုဇွန်တွေ ၊ ငှက်တွေကို တစ်နေ့တစ်ရက်တည်း ဖမ်းဆီးရောင်းချနေတာမဟုတ်တဲ့အတွက် ဝယ်ယူစားသုံးနေတဲ့သူတွေကိုလည်းအန္တရာယ်ဖြစ်ပေါ်လာစေနိုင်သလို ငါး ၊ ပုဇွန်တွေ ၊ ငှက်တွေလည်းရှားပါး လာနိုင်တယ်မျိုးသုန်းပျောက်ကွယ်လာနိုင်တယ်”ဟုဘိုးနက်ကျေးရွာလယ်ကွင်းမှ ဦးမောင်ငယ်က ဝေဖန်သည်။

မြို့နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ဦးစီးဌာနအနေဖြင့် ဒေသခံများအား ရှားပါးမျိုးစိတ်ငှက်များကိုဖမ်းဆီးခြင်းမပြုရန် အသိပညာပေးဟောပြောခြင်းများကိုအခါအားလျော်စွာဆောင်ရွက်ခဲ့ကြောင်း၊ ဓာတုဆေးဝါးများသုံးစွဲပြီးဖမ်းဆီးနေခြင်းကိုလည်းတွေ့မြင်သိရှိကဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply