ချောင်းဆုံ နိုဝင်ဘာ

ချောင်းဆုံမြို့နယ်ရှိ လယ်သမားအများစုမှာ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ ၇ စာအုပ်ကို မိုးစပါး စိုက်ပျိုးစရိတ်ထုတ်ချေးစဉ်က စိုက်ပျိုးရေးဘဏ်တွင် အပ်နှံထားခဲ့ရ၍ ယခုလာမည့် ဆောင်း

သီးနှံစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေး အခက်အခဲများရှိနေကြောင်း ကာယကံရှင်တို့က ပြောသည်။

“မိုးစပါးစိုက်ပျိုးစရိတ်အတွက်လည်း ဒီစာအုပ် ၊ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေအတွက်လည်း ဒီပုံစံ ၇ စာအုပ်ပဲရှိတယ်ဆိုတော့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ဖို့ စပါးရိတ်သိမ်းရောင်းချပြီးမှ ပေးဆပ်နိုင်မယ်။ ပုံစံ၇စာအုပ်ပြန်ရမှဆောင်းသီးနှံထုတ်ချေးငွေကိစ္စပြန်လုပ်နိုင်မှာဖြစ်တဲ့အတွက်စပ်ကူးမတ်ကူးကြားကာလမှာအခက်အခဲတွေရှိတယ်”ဟု လယ်သမား ဦးမြင့်ဝေက ဆိုသည်။

ယခုအချိန်တွင်လယ်သမားအများစုမှာစပါးရိတ်သိမ်းရောင်းချနိုင်ခြင်းမရှိသေးကြောင်း၊ စိုက်ပျိုး စရိတ်ချေးငွေပေးဆပ်နိုင်ရန်အချိန်တိုအတွင်းလယ်သမားများစုပြုံရောင်းချကြလျှင်လည်းကုန်သည်များဈေးနှိမ်၍ဝယ်ယူလာနိုင်သည့်အခြေအနေတို့နှင့်ကြုံတွေ့လာနိုင်ကြောင်း ကော့မုပွန်ကျေးရွာလယ်ကွင်းမှ လယ်သ မား ဦးစိုးမြင့်က ဆိုသည်။

ချောင်းဆုံမြို့နယ်တွင်ကော့မုပွန် ၊ ဒေါင်းရပ်အရှေ့ ၊ ဒေါင်းရပ်အနောက် ၊ ကညှော်ကျေးရွာလယ်ကွင်းများတွင် ဆောင်းသီးနှံအများဆုံးစိုက်ပျိုးပြီး လယ်တစ်ဧကဈေးနှုန်းမှာ ကျပ် ၁၀ သိန်းနှင့်အထက်ပေါက်ဈေးများရှိနေ၍ တစ်နှစ်တာချေးငွေနှင့်ပတ်သက်ပြီးလယ်ယာမြေကိုလယ်သမားများဆုံးရှုံးခံနိုင်မည်မဟုတ်ကြောင်း ၎င်း ကဆက်လက်ပြောသည်။ လယ်သမားအများစုမှာ ၁၀ ဧကအောက်ပိုင်ဆိုင်လုပ်ကိုင်သူအများစုဖြစ်သည်။

“စိုက်ဘဏ်ကလည်း ပုံစံ၇ စာအုပ်မရှိရင်ဆောင်းသီးနှံထုတ်ချေးပေးမှာမဟုတ်ဘူးလို့ပြောထားတဲ့အတွက် ဒီမြို့နယ်ကလယ်သမားတွေကလည်းအခြားဒေသတွေလို လယ်ဧကများများပိုင်ဆိုင်တာတွေမရှိတဲ့အတွက် ပုံစံ ၇ စာအုပ်အပိုမရှိဘူး”ဟုကညှော်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်အောင်မိုးကပြောသည်။

ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်မြေအမှတ် ၂ မှ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပုံစံ ၇ စာအုပ်ကို စိုက်ပျိုးရေးဘဏ်တွင် ချေးငွေအတွက်အာမခံအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူအရ အပ်နှံထားရခြင်းဖြစ်ကြောင်း ၊ယခုအခက်အခဲကိုလည်း လွှတ်တော်တွင်တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

လွတ်လပ်မောင်

Leave a Reply