လယ်ယာမြေလုပ်ပိုင်ခွင့် ထုတ်ပေးရာတွင် ကြန့်ကြာမှုများရှိနေဟု ဆို

မော်လမြိုင် နိုဝင်ဘာ

လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု လက်မှတ် ပုံစံ ၇ လျှောက်ထားရာတွင် ကြန့်ကြာမှုများ ရှိနေသည်ဟု မွန်ပြည်နယ်မှ မြေယာအရေးဆောင်ရွက်သူများထံမှ သိရသည်။

“အစိုးရက ထုတ်ပေးဖို့ ဆန္ဒသိပ်ရှိပုံ မပေါ်ဘူး။ ရွာသားတွေက သွားလျှောက်ကြပေမယ့် လုပ်ပေးမယ်ပြောပြီး ပျောက်ပျောက်သွားတာများတယ်” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ Land and Resource Coordinator နိုင်ချွန်းကပြောသည်။

ထို့ပြင် မြေစာရင်းဌာနမှ ဝန်ထမ်းဦးရေ နည်းပါးသည်ဟုဆိုကာ ဝေးလံခေါင်ဖျား၍ သွားလာရန်ခက်ခဲသောဒေသများသို့ လာရောက်ကွင်းဆင်းခြင်း မပြုနိုင်သည့်အတွက် ပုံစံ ၇ မရဘဲ ကျန်ရှိနေရသည်ဟု ၎င်းကပြောသည်။

“တစ်ခုရှိတာက ဒေသခံတွေက လျှောက်မှလည်း အစိုးရက ပုံစံ ၇ ထုတ်ပေးမှာ။ ဒေသခံတွေကလည်း ဘယ်လိုလျှောက်ရမှန်းမသိကြဘူး။ အသိပညာပေးတဲ့အပိုင်း အားနည်းတော့ သိပ်နားမလည်ကြဘူး” ဟု၎င်းကထပ်မံပြောသည်။

ပုံစံ ၇ ရပြီးလျှင် တရားဝင်လွှဲပြောင်းခြင်း၊ ရောင်းဝယ်ခြင်း၊ အမွေဆက်ခံခြင်းနှင့် အငြင်းပွားမှုများဖြစ်ပါက ဥပဒေဘောင်အတွင်း ဖြေရှင်းနိုင်ခွင့်များရရှိမည်ဟု နိုင်ချွန်းကဆိုသည်။

ကျိုက်မရောမြို့နယ် ဘာဘူကုန်းရွာမှ ဦးနော်လာက ဌာနဆိုင်ရာမှ ပြန်လည်စွန့်လွှတ်ပေးခဲ့သော ၎င်းပိုင်လယ်မြေ ၄ ဒဿမ ၁ဝ ဧကကို ယခုနှစ်တွင် ပုံစံ ၇ လျှောက်ထားသော်လည်း မြေစာရင်းဌာနမှ ယခုထိ မထုတ်ပေးသေးဟု ဆိုသည်။

“ပုံစံ ၇ သည် လက်ရှိစိုက်ပျိုးနေတဲ့မြေမှာ လုပ်ပိုင်ခွင့် ပြုတဲ့ဟာ။ သူစိုက်တာတော့မှန်တယ်။ ဒါပေမယ့် အောက်ကမြေကြီးသည် စားကျက်မြေ၊ သစ်တောမြေလို အစိုးရမြေမှာ စိုက်ထားရင် ရမှာမဟုတ်ဘူး” ဟု ပြည်နယ်မြေစာရင်းမှူး ဦးတင်ထူးကပြောသည်။

မွန်ပြည်နယ်တွင် အသားတင်စိုက်ပျိုးမြေ၏ ၉၉ ရာခိုင်နှုန်းကျော်ကို ပုံစံ ၇ ထုတ်ပေးထားပြီး မိမိစိုက်ပျိုးထားသည့်မြေကို ပြန်လည်စိစစ်ရန်လိုသည်ဟု ၎င်းကဆက်ပြောသည်။

“ကျန်တဲ့လူဆိုတာက ခရီးလွန်နေတဲ့လူတွေ။ သူတို့ကိုယ်တိုင်က လာမလျှောက်လို့ ကျန်တဲ့လူတွေလောက်ပဲ ကျန်တော့တယ်” ဟု၎င်းကပြောသည်။

ပုံစံ ၇ ထုတ်ပေးရာတွင် ကြန့်ကြာမှုနှင့် ပျက်ကွက်မှုများရှိပါက သက်ဆိုင်ရာ မြို့နယ်မြေစာရင်းရုံးများရှိ ပြည်နယ်မြေစာရင်းရုံး ဖုန်းနံပါတ်များကို ဆက်သွယ်တိုင်ကြားနိုင်သည်ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်တွင် စိုက်ပျိုးမြေပေါ်၌ ပုံစံ ၇ ဆောင်ရွက်ပြီးစီးမှုမှာ တောင်သူပေါင်း ၁၉၁၃၇၈ ဦး၊ စုစုပေါင်း ၁၁၁၃၃၉၅ ဧကဖြစ်သည်။

စန္ဒာဉာဏ်

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.