Advertisements

မော်လမြိုင်၊ မေ

၂၀၁၈ ခုနှစ် မိုးစပါး ချေးငွေထုတ်ပေးရာတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) မူရင်းကို အပေါင်အဖြစ် အပ်နှံ၍ တောင်သူ တစ်ဦးချင်း အလိုက် ချေးငွေထုတ်ယူနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က မေလ ပထမအပတ် တွင် အသိပေးကြေညာလိုက် သည်။

ယခင်နှစ်များကတောင် သူ သုံးဦးအစုအဖွဲ့အလိုက်(ဝိုင်းကြီးချုပ်) အာမခံသည့်စနစ်ဖြင့် ပုံစံ (၇) မူရင်းကို ပြသစေပြီး ထုတ်ချေးပေးခဲ့ရာ တောင်သူတစ်ဦးကချေးငွေကျေအောင် ဆပ်ရန်ပျက်ကွက်ခဲ့ပါက ကျန်နှစ်ဦးကို ချေးငွေသစ်ထုတ်ချေးခြင်း မပြုသဖြင့်တောင်သူများ နစ်နာခဲ့ရသောကြောင့်စနစ် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။

မိုးစပါး ချေးငွေထုတ်ယူ မည့် တောင်သူများအနေဖြင့် ၎င်းင်းတို့ ပိုင်ဆိုင်သော ပုံစံ (၇) မူရင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ အပေါင်အဖြစ် ပေးအပ်ရမည်ဖြစ်ပြီး ကိုယ်ပိုင်အာမခံသည့် စနစ်ဖြင့် ပြောင်းလဲထုတ်ချေးသွားနိုင်မည်ဖြစ်သည်။

“တောင်သူတွေက ပိုက်ဆံချေးချင်တယ်ဆိုရင် ကိုယ်တိုင်လာရောက်ပြီးတော့ သက်ဆိုင်ရာ ဘဏ်ခွဲတွေမှာ ပိုက်ဆံထုတ်ရုံပါပဲ၊ ပြန်ဆပ်တဲ့အခါမှာလည်း ကိုယ်တိုင်လာပြီး ဆပ်ရမှာပါ”ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မွန်ပြည်နယ် ဘဏ်ခွဲ)မှ ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ချေးငွေထုတ်ပေးနိုင်ရန် မြို့နယ်အလိုက်တွင် ချေးငွေ စိစစ်ရေးအဖွဲ့များနှင့် ကျေးရွာတာဝန်ရှိသူများ မှတောင်သူများ၏ပုံစံ(၇)မူရင်း ကို စစ်ဆေးသွား မည်ဖြစ်ကြောင်း၎င်းကဆိုသည်။

မွန်ပြည်နယ်အတွင်း၌ မိုးစပါးချေးငွေကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများမှ တစ်ဆင့် မေလ ၁၇ ရက်မှ စတင်ကာ ဇွန်လကုန်အထိအပြီးသတ် ထုတ်ချေးပေးမည်ဖြစ်သည်။

မိုးစပါးချေးငွေထုတ်ယူမည့် တောင်သူလယ်သမားများကို လယ်တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲ နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး တစ်နှစ်လုံး အတွက် အတိုးနှုန်းမှာ ရှစ်ရာခိုင်နှုန်းဖြစ်သည်။

“ပုံစံ(၇) အပေါင် ပေးရမယ်ဆိုရင် အဘိုးတို့အတွက် အဆင်မပြေဘူး၊ ဒီဟာလေးပဲ ပိုင်ဆိုင်တာ ရှိတာ သူတို့ကို ပေးလိုက်တော့ ဘယ်လို လုပ်ရမလဲ၊ ဒီလိုဆို ချေးငွေ မထုတ်တော့ဘူး၊ ရသလို ချေးပြီး လုပ်တော့မယ်”ဟု ပေါင်မြို့နယ် မုတ္တမကျွဲခြံကျေးရွာနေ တောင်သူ ဦးထွန်းလွင်က ဆိုသည်။

၂၀၁၈ မွန်ပြည်နယ် မိုးစပါး ချေးငွေအတွက် ကျပ်သိန်းပေါင်း လေးသိန်းခွဲ ကျော် ထုတ်ချေးပေးရန်လျာထားသည်။

“သူတို့ကိုသာ လယ်ယာ မြေ လုပ်ပိုင်ခွင့်ကို အပေါင် ပေးရမယ်ဆိုရင် တောင်သူတွေအတွက် နစ်နာတယ်၊ သူတို့ဆီ အပ်ပြီးရင် ပြန်ရချင်မှ ရမှာမို့ပါ”ဟု ကမာဝက်မြို့မှ တောင် သူ ဦးပန်းအိမ်က ပြောဆို သည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် နှစ်က မိုးစပါးချေးငွေ ကျပ် သိန်းပေါင်း ၄၃၆,၅၆၄ကျော် ထုတ်ချေးပေးခဲ့ပြီး ချေးငွေ အားလုံးပြန်ဆပ်နိုင်ခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်ဘဏ်ခွဲ)၏ မှတ် တမ်းများအရ သိရသည်။

Written by ထိုက်ထိုက်

Leave a Reply