မော်လမြိုင်၊ မတ် ။ ။ရပ်ကွက်၊ ကျေးရွာများတွင် လယ်ယာမြေများကို အကွက်ရိုက်ရောင်းချရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်ပတ်သက်ပါက နိုင်ငံဝန်ထမ်းဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် ပေါင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ ရပ်ကွက်၊ ကျေးရွာများတွင် လယ်ယာမြေ အကွက်ရိုက် ရောင်းချမှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့် လယ်ယာမြေများ အကွက်ရိုက်ရောင်းချရာတွင် ပူးပေါင်းဆောင် ရွက်ခြင်း၊ ရောင်းချခြင်းများရှိပါက သက်ဆိုင်ရာ ဥပဒေနှင့် အညီ အရေးယူမည်ဖြစ်ကာ ငွေကြေးရယူပါကလည်း တည်ဆဲ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးထွန်းဌေးက ပြောသည်။

လယ်ယာမြေများကို အကွက်ရိုက်ရောင်းချမှုများကြောင့် ပေါင်မြို့နယ် မြလေးချောင် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကွန်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျိုက်ထိုမြို့နယ် ကော့ထင်း ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အရေးယူဆောင်ရွက်ထားပြီး ချောင်းဆုံမြို့နယ် အနောက်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးကို ဥယျာဉ်ခြံမြေ အကွက်ရိုက်ရောင်းချမှုနှင့် ပတ်သက်၍ စစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

လယ်ယာမြေများသာမက စားကျက်မြေ၊ သစ်တောများကို အစိုးရက ထိန်းသိမ်းရန် တာဝန်ရှိပြီး မြေကွက်ရိုက်ခြင်းနှင့် အခြားနည်းလမ်း တစ်မျိုးမျိုးဖြင့် ကျူးလွန်ပါက ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

Written by – ရင်ငြိမ်းချမ်း

Leave a Reply