Advertisements

ပေါင်၊ မေ ၃၀

ပေါင်မြို့၊ ကျုံကကျေးရွာရှိ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေပိုင်ရှင်များကို ချေးငွေထုတ်ပေးမည်ဟု ငွေကြေးများ လိမ်လည်ကောက်ခံသူကို မေ ၂၈ ရက်နေ့က ကျုံကကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းပိုင်မှ တရားလိုပြုလုပ်၍ မုတ္တမနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။

“တောင်သူတွေက သူတို့ကို ငွေချေးပေးမယ်ဆိုပြီး ထောက်ခံစာလာယူတယ်။ ဘယ်အဖွဲ့က ပေးတယ်ဆိုတာ ကျွန်တော်တို့လည်း မသိဘူး။ အဲဒီလိုထောက်ခံချက်မပေးခင်မှာ ကျွန်တော်တို့ သတင်းတစ်ခုကြားတယ်။ Paung dailyမှာ တင်ထားတွေ့တယ်။ ဖွတ်မရ ဓားမရှုံး ဖြစ်ပြန်ပြီးလား ဆိုတာ ချိတ်ဆက်မိခဲ့တာ” ဟု ကျုံကကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းပိုင်က ပြောသည်။

ထို့နောက် တောင်သူများကို ချေးငွေထုတ်ပေးမည့်ဆိုသည့် အဖွဲ့အား လိုက်လံစုံစမ်းခဲ့ရာ ယင်းအဖွဲ့မှာ တောင်သူများထံမှ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်နေ ဦးဟန်သိန်းဆိုမှ စာရွက်စာတမ်းအထောက်အထားများ၊ ဓာတ်ပုံများ၊ ပုံစံ ၇ မိတ္တူများနှင့် အတူ ဝန်ဆောင်ခအနေဖြင့် လယ်မြေ တစ်ဧကလျှင် စာရွက်စာတမ်းကြေး ၁,၅၀၀ ကျပ် ၊ ဥယျာဉ်ခြံမြေ တစ်ဧကလျှင် ၃,၀၀၀ ကျပ်ဖြင့် လိုက်လံ၍ စည်းရုံကောက်ခံနေသည်ကို သိရှိခဲ့ရကြောင်း ဦးဝင်းပိုင်က ဆိုသည်။

“ကျွန်တော်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ချေးငွေကိစ္စနဲ့ ပတ်သက် ထောက်ခံစာမပေးပို့ ညွှန်ကြားလာလို့ ကျွန်တော်တို့က ထောက်ခံစာမပေးတော့ဘူး။ ထောက်ခံလာယူတဲ့ တောင်သူတွေကို ကျွန်တော်သိထား တာတွေ ရှင်းပြလိုက်တယ်။

ဒါပေမယ့် တောင်သူတွေကို ကျွန်တော်ဆီက ထောက်ခံစာမပါဘဲနဲ့လည်း လက်ခံပြန်တယ်။ အဲဒီလုပ်နေပြန်တဲ့အတွက် ကျွန်တော်က တရားလိုလုပ်ပြီး နစ်နာခဲ့တဲ့ တောင်သူတွေအတွက် အမှုဖွင့်တိုင်တန်းခဲ့တာ ဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါအမှုဖြစ်စဉ်နှင့် ပတ်သက်၍ တောင်သူလယ်သမား ၁၃ ဦးထံမှ အသေးစားချေးငွေလုပ်ငန်း ဆောင်ရွက်ပေးမည်ဟု စည်းရုံးပြောဆို၍ ငွေကြေးများ လိမ်လည်ကောက်ခံပြီး ထွက်ပြေးတိမ်ရှောင်နေသူ ဦးဟန်သိန်းကို မုတ္တမနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အရ အမှုဖွင့်အရေးယူစစ်ဆေး လျှက်ရှိကြောင်း ယင်းရဲစခန်း ဒုရဲအုပ် သက်ပိုင်မှူးက ပြောသည်။

ခေတ်မင်း

Leave a Reply