လယ်သမား ခုနစ်ဦး ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ခံရ

ထားဝယ် မတ် ၂၀

ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ရုံးမြေနေရာတွင် ဆောင်ရွက်နေသည့် ကျောက်စီမြေထိန်းနံရံများကို ဖြိုဖျက်၊ ကျောက်များကို ရေထဲသို့ ပစ်ချသည်ဟု ဆိုကာ လယ်သမားဦးသောင်းညွန့် ပါ ခုနစ်ဦးအား အမှုဖွင့်ထားကြောင်း သိရသည်။

“ကန့်ကွက်တာ၊ တားဆီးတာကို အမှုမဖွင့်ဘူး၊။ အစိုးရ ဘဏ္ဍာငွေနဲ့ဆောက်တဲ့ဟာကို ဖျက်ဆီးလို့ ဆိုပြီး ၆(၁)နဲ့ ဖွင့်လိုက်တယ်” ဟု ထားဝယ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါနံရံကို ထားဝယ်မြို့ ဆန်းချီ တိုးချဲ့မြို့သစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနက တည်ဆောက်နေခြင်းဖြစ်ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ၆(၁)ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

တန်ဖိုး ငွေကျပ် ခြောက်သိန်းခန့် ပျက်စီးဆုံးရှုံးသွားသဖြင့် ဦးသောင်းညွန့်ပါ ၇ဦးကို အရေးယူပေးပါရန် အဆိုပါဌာန ဒုတိယညွန်ကြားရေးမှူး ဦးအောင်ကြိုင်က တိုင်ကြားခဲ့သဖြင့် မတ်လ ၅ရက်တွင် အမှုဖွင့် ခဲ့သည်ဟု သိရသည်။

အမှုဖွင့်ခံထားရသူအနက် ကလေးတစ်ဦးမှလွှဲ၍ ဦးသန်းထွန်း၊ ဒေါ်အင်ရွှေ၊ ဒေါ်လှဌေး၊ ဒေါ်တင်တင်မိုး၊ ဒေါ်တင်တင်ခိုင်တို့ ငါးဦးကို မတ် ၁၉ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း၊ ထားဝယ်မြို့နယ်တရားရုံးတွင် ဧပြီ ၂ရက်ထိ ချုပ်မိန့် ရမန်တောင်းခံပြီး ထား ဝယ်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အမှုဖွင့်ခံရသူတွင် ပါဝင်သည့် ဦးသောင်းထွန်းဆိုသူကို ဖမ်းဆီးရဦးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက မတ် ၂၀ရက် မွန်းတည့်ခန့်တွင် ပြောသည်။

ဦးသန်းထွန်း၊ ဒေါ်အင်ရွှေတို့ပိုင် ၃ဧကခန့်အကျယ် လယ်မြေတွင် ခြံစည်းရိုးကာရန် မြေကျင်းလာတူး၍ ပြဿနာဖြေရှင်းပြီးမှ လုပ်ဆောင်ရန် လယ်သမားများက တောင်းပန်ခြင်း၊ ကန့်ကွက်ခြင်း အကြိမ်ကြိမ်ပြုခဲ့ကြောင်း၊ ယခင်က အလုပ် ဆက်မလုပ်ဘဲပြန်သွားလေ့ရှိကြောင်း ထားဝယ်ခရိုင် တောင်သူလယ်သမားများသမဂ္ဂ အထွေထွေအတွင်းရေး မှူးဒေါ်ရီရီထွေးက ပြောသည်။

မတ်လ ၁၉ရက်တွင် ပုံမှန်အတိုင်းမြေကျင်းလာရောက် တူးဖော်သည်ကို လယ်သမားများက ကာကွယ်ပြောဆိုမရသည့်အခါ တူးထားသည့်ကျင်းထဲ မြေချခဲ့ရာမှ ရဲများ လာရောက်ပြီး လယ်သမားများကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး အမှုဖွင့်သည်ဟု သိရကြောင်း ၎င်းက ပြောသည်။

“ကိုယ်မြေကို ကိုယ် ကာကွယ်ခွင့် ရှိလို့ ကာကွယ်တယ်၊ သူတို့ပစ္စည်းတွေကို ဖျက်ဆီးတာ ဘာမှ မရှိဘူး”ဟု ဒေါ် ရီရီထွေးက ဆိုသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီမြေထိန်းနံရံ၊ ရှေ့မျက်နှာစာ အုတ်တံတိုင်း၊ ခြံစည်းရိုး လုပ်ဆောင်ခွင့်ပြုငွေ ကျပ် ၁၃ ဒသမ ၇၆ သန်းဖြင့် တင်ဒါခေါ်ယူခဲ့ရာ ကျပ် ၁၃ ဒသမ ၄ သန်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.