မော်လမြိုင်၊ သြဂုတ်

မွန်ပြည်နယ်ရှိ တောင်သူလယ်သမား ၉၀၀ ကျော်မှာ မိုးစပါးချေးငွေ မထုတ်ခဲ့ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်ဘဏ်ခွဲ)၏ မှတ်တမ်းများအရ သိရသည်။

ယမန်နှစ်က မိုးစပါး ချေးငွေကို တောင်သူပေါင်း ၃၉၂၅၇ ဦးအထိ ထုတ်ချေးခဲ့သော်လည်း လယ်ယာမြေပိုင်ဆိုင်မှုပုံစံ (၇) ကို အပေါင်အဖြစ် အပ်နှံရသည့် ယခုနှစ် အဆိုပါစာရင်း၌ တောင်သူပေါင်း ၃၈၃၅၀ ဦးသာ ထုတ်ချေးခဲ့ကြောင်း တွေ့ရသည်။

ထို့ကြောင့် ချေးငွေရယူမှုတွင်လည်း ယမန်နှစ်ထက် သိန်းပေါင်း တစ်သောင်းခန့် လျောကျခဲ့သည်။
ယမန်နှစ်ကမူ ကျပ်သိန်းပေါင်း လေးသိန်းသုံးသောင်းကျော် ထုတ်ချေးခဲ့ပြီး ယခုနှစ်တွင်မူ ကျပ်သိန်းပေါင်း လေးသိန်းနှစ်သောင်း ကျော်သာ ထုတ်ချေးရခြင်းဖြစ်သည်။

“တစ်ချို့လယ်သမားတွေက ပုံစံ (၇)ကို ဘဏ်ကို မပေးချင်ကြဘူး စီးပွားရေးလိုအပ်ချက်အရ ပုဂ္ဂလိကဆီမှာ ပေါင်ထားတာရှိမယ် အဲ့ကြောင့် သိန်းတစ်သောင်းခန့်နည်းသွားတယ်”ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်ဘဏ်ခွဲ)မှ ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ဆိုသည်။

ချေးငွေ ထုတ်ယူမှု နည်းပါးခြင်းမှာ လယ်သမားအချို့မှာ ပုံစံ (၇) မအပ်ခြင်း၍ ဖြစ်သည့်အပြင် အချို့မှာ ပုဂ္ဂလိကဆီ၌ ပေါင်နှံထားခြင်းတို့ကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

“အဘိုးတို့ရဲ့ ပိုင်ဆိုင်မှုက ဒီပုံစံ(၇) တစ်ခုပဲ ရှိတယ်၊ ဒီဟာကို အပ်ထားရမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး၊ ဒါကြောင့် ချေးငွေမယူတာ ဖြစ်တယ်”ဟု ပေါင်မြို့နယ်၊ မုတ္တမကျွဲခြံကျေးရွာမှာ လယ်သမား ဦးထွန်းလွင်က ဆိုသည်။

ယခုနှစ် မိုးစပါး ချေးငွေကို ဝိုင်းကြီးချုပ်စနစ်မဟုတ်တော့ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ကို အပေါင်ထားရမည်ဖြစ်ပြီး တောင်သူလယ်သူလယ်သမားများကိုယ်တိုင် ချေးယူ၊ ကိုယ်တိုင်လာဆပ်သည့် စနစ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။

အတိုးနှုန်းမှာ ယခင်နှစ်နည်းတူ ရှစ် ရာခို်င်နှုန်း ဖြစ်ပြီး လယ်တစ်ဧကလျှင် ကျပ် တစ်သိန်းခွဲ စီ ထုတ်ချေးပေးသည်။

Written by ဂေထော

Leave a Reply