ချောင်းဆုံ အောက်တိုဘာ

ချောင်းဆုံဒေသခံလယ်သမားများ လာမည့်နှစ်မိုးစပါးရာသီတွင် စိုက်ပျိုးရန် ပေါ်ဆန်းယဉ် မျိုးစပါးများ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ထားကြောင်း ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

“ဒေသမှာရှိတဲ့ လယ်ဧက ၆၀၀၀၀ ကျော်ကို ပြန်လည်ဖြန့်ဝေပေးနိုင်အောင် မျိုးစေ့တွေ ထုတ်ယူဖို့ စိုက်ပျိုးထားပြီး ဖြစ်တယ်” ဟု အထက်ပါဌာန မြို့နယ် ဦးစီးမှူး ဦးဝင်းနိုင်က ဆိုသည်။

မုဒုံစိုက်ပျိုးရေးခြံမှ ပေါ်ဆန်းယဉ်မျိုးစပါး ၄၈၀ တင်းကို ချောင်းဆုံမြို့နယ်ရှိ ကော့မုပွန် ၊ ကမာကေး ၊ တောင်စွန်း၊ နတ်မှော် ကျေးရွာများရှိ လယ်ဧက ၂၀၀ တွင် စိုက်ပျိုးထားသည်ဟု ၎င်းက ဆိုသည်။

“ဒေသခံတွေ စိုက်ပျိုးနေတဲ့ မျိုးစပါးတွေက နှစ်စဉ်သုံးစွဲလာတဲ့အတွက် အရောအနှောတွေ များလာတယ်။ အထွက်နှုန်းတွေလည်း ကျလာတယ်၊ တစ်ဧကကို တင်း ၄၀ မှ တင်း ၆၀လောက်ပဲ ထွက်ရှိတယ်။ လယ်သမားတွေက မျိုးစေ့တွေ ဖြန့်ဖြူးပေးဖို့ တောင်းဆိုကြတဲ့အတွက် ဒေသပေါက်ဈေးအတိုင်း ရယူလိုတဲ့ လယ်သမားတွေကို အလုံအလောက် ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

တောင်သူများအနေဖြင့် နှစ်စဉ်စိုက်ပျိုးလုပ်ကိုင်ရာတွင် မျိုးစပါးများကို ထပ်ခါတလဲလဲ စိုက်ပျိုးရန်မသင့်ကြောင်း ၎င်းက အကြံပြုသည်။

“ခုနှစ်မိုးရာသီမှာ စိုက်ပျိုးဖို့ ဌာနက ဖြန့်ဝေပေးခဲ့တဲ့ ပေါ်ဆန်းယဉ်မျိုးကောင်း ၊ မျိုးသန့်စပါးတွေက အပင်ပေါက်လည်း ကောင်းတယ်။ သက်လတ်မျိုးစပါးဖြစ်တဲ့အတွက် ဒေသက ရာသီဥတုနဲ့လည်း ကိုက်ညီတယ်။ ဈေးကောင်းရနိုင်တဲ့စပါးလည်း ဖြစ်တဲ့အတွက် ဒေသမှာ ပိုပြီး စိုက်ပျိုးသင့်တယ်”ဟု ကော့မုပွန်ကျေးရွာလယ်ကွင်းမှ လယ်သမား ဦးစိုးသန်းက ပြောသည်။

ယခုနှစ်တွင် ရာသီဥတုအနေအထားအရ မိုးဦးနှင့် မိုးလယ်တွင် မိုးစပါးစိုက်ခင်းများ မကြာခဏ ရေကြီးနစ်မြုပ်ခဲ့ပြီး မိုးနှောင်းကာလတွင် မိုးခေါင်နေသည့်အတွက် သက်ကြီးစပါးများအနေဖြင့် အောင်ရေအလုံအလောက်ရရှိရန် အခက်အခဲရှိကြောင်း ဒေသခံလယ်သမားများက ဆိုသည်။

စိုက်ပျိုးရိတ်သိမ်းပြီးသော ပေါ်ဆန်းယဉ်ကောက်သစ်စပါးဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်းမှ ကျပ် ၁၅ သိန်းထိ ဒေသတွင် ပေါက်ဈေးရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းနိုင်က ဆိုသည်။

ယခုအခါ လယ်သမားအများစုမှာ သက်ငယ်စပါးကျွန်းရွှေဝါ၊ သက်ကြီးစပါးဗန်ကောက်၊ ကမာကြည်၊ ဆန်မွှေးဘေးကြား၊ သုံးဆတိုးစပါးမျိုး စသည်တို့ကို စိုက်ပျိုးနေကြသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply