Advertisements

ဘားအံ၊ အောက်တိုဘာ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်အတွင်းမှ အသက် ၉၀ နှစ်အထက် အဘိုး၊အဘွား ၁,၇၇၂ ဦးအတွက် လူမှုရေးပင်စင်အဖြစ် ငွေကျပ် ၅၀ ဒသမ ၁၆ သန်းထောက်ပံ့ပေးသွားမည်ဟု ကရင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က ပြောကြားသည်။

အောက်တိုဘာ ၁ ရက်က ဘားအံမြို့၊ ကန်သာဦးခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“သက်ကြီးရွယ်အိုတွေမှာ ဇရာထောင်းလာတာနဲ့အမျှ ခေတ်စနစ်ကွာဟမှု၊ စီးပွားရေးအရ ဝင်ငွေယုတ်လျော့မှု၊ ပတ်ဝန်းကျင်ရဲ့ မသိမသာပစ်ပယ်ခံရမှု၊ အထီးကျန်ဖြစ်မှုဆိုတဲ့ ခြိမ်းခြောက်မှုတွေကိုလည်း တွေ့ကြုံခံစားရပါတယ်။ ဒီအားသာချက် အားနည်းချက်တွေကို အထူးဂရုပြုကြပြီး အဘိုးအဘွားများရဲ့ ဘဝဆည်းဆာနေညိုချိန်ကို လင်းလက်တောက်ပအောင် ဖန်တီးပေးရေးဟာ ဒီကနေ့ မျိုးဆက်သစ်လူငယ်တွေရဲ့ တာဝန်ပဲဖြစ်ပါတယ်´´ဟု ဦးစောချစ်ခင်က ထောက်ပံ့ရသည့် အကြောင်းအရင်းကို ဆိုသည်။

အဆိုပါအခမ်းအနားတွင် အဘိုးအဘွား ၆၆၁ ဦးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း၂၀၀ ကျော်၊ ဘားအံတက္ကသိုလ်က ငွေကျပ် ၈ သောင်းကျော်နှင့် တိုင်းရင်းဆေးမျိုးစုံကို လှူဒါန်းခဲ့ရာ အဘိုးအဘွား တစ်ဦးလျှင် ငွေကျပ် ၂၅,၀၀၀ ၊ ပုဆိုး ၁ထည်နှင့် တိုင်းရင်း ဆေးမျိုးစုံ ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှတစ်ဆင့် သိရှိရသည်။

“အခုလို အစိုးရက လုပ်ပေးတာ အဘတို့လို အသက်ကြီးသူတွေအတွက်တော့ အထောက်အကူရပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တာတွေပါ အစိုးရက လုပ်ပေးစေချင်တယ်။ အသက်အပိုင်းအခြားနဲ့ မဟုတ်ဘဲ တခြား ၇၀၊ ၈၀တန်းတွေအတွက်လည်း ထောက်ပံ့ပေးစေချင်တယ်”ဟု အမှတ် ၅ရပ်ကွက်မှ အဘိုး ဦးစောထွန်းက ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကရင်ပြည်နယ်အတွင်းမှ အသက် ၉၀ အထက် အဘိုးအဘွားများအတွက် တစ်လ ၁ သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်ခဲ့ရာတွင် ယခုဘဏ္ဍာနှစ်၌ ပထမအကြိမ်အဖြစ် ဘိုးဘွား ၇၂၉ ဦးအတွက် ၃၁ ဒသမ ၈၇ သန်း၊ ဒုတိယအကြိမ်အဖြစ် ဘိုးဘွား ၉၄၃ ဦးအတွက် ၂၈ ဒသမ ၂၉ သန်းကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း စာရင်းများအရ သိရှိရသည်။

ဖော်ပြပါအခမ်းအနားအပြီးတွင် တက်ရောက်လာကြသော အဘိုးအဘွားများကို ဆရာဝန် သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြပြီး ရပ်ကွက်နှင့်ကျေးရွာများသို့ အိမ်တိုင်ရာရောက် ကြိုပို့အစီအစဉ်များလည်း ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Written by – ရာဟု (ဖားအံ)

 

Advertisements
<

Leave a Reply