လာမည့်ဘဏ္ဍာနှစ်တွင် တစ်မြို့နယ်အတွက် သိန်း တစ်သောင်း ထောက်ပံ့မည်

မော်လမြိုင်၊ အောက်တိုဘာ

လာမည့် ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် တစ်မြို့နယ်ကို ကျပ်သိန်းတစ်သောင်း ထောက်ပံ့ပေးရန် ပြည်နယ်အစိုးရအဖွဲ့က စီစဉ်လျက်ရှိကြောင်း ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တစ်မြို့နယ်လျှင် ကျပ် သိန်း ၃,၀၀၀ စီ ခွဲဝေသုံးစွဲခဲ့ရာတွင် လုံလောက်မှု မရှိသည့်အတွက် သိန်း တစ်သောင်းထိ တိုးမြှင့်ထောက်ပံ့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီသိန်းတစ်သောင်းရဲ့ ထူးခြားချက်တစ်ခုက စည်ပင်ဧရိယာမပါဘူး၊ ကျေးလက်သက်သက်ပဲ ဖြစ်တယ်။ ဒါပေမဲ့ စည်ပင်မလုပ်တဲ့ လုပ်ငန်းတွေတော့ လုပ်လို့ရတယ်”ဟု ၎င်းက ပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဌာနဆိုင်ရာများ ပူးပေါင်းပြီး အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထား၍ လုပ်ငန်းစဉ်များကို ရေးဆွဲတင်ပြပေးရမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

“ကျွန်တော့်အနေနဲ့က ရွာတွေကို ကွင်းဆင်းထားတဲ့ အချက်အလက်တွေနဲ့ သုံးနိုင်တဲ့ ဘတ်ဂျက်ပမာဏအပေါ်မူတည်ပြီး စဉ်းစား ရေးဆွဲနေတယ်” ဟု ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

ယင်းသို့ ရေးဆွဲရာတွင် ကျေးလက်ဒေသများအတွက် လမ်း၊ တံတား၊ ရေ၊ လျှပ်စစ်ကဏ္ဍများကို အဓိကထား လုပ်ဆောင်သွားမည့်အပြင် မြို့ပေါ်ရပ်ကွက်များတွင် ပြုပြင်ရန်လိုအပ်သည့် လမ်းကြိုလမ်းကြားများလည်း ရေးဆွဲတင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဘတ်ဂျက်အဖြစ် ကျပ် ငါး ဘီလီယံကို သုံးစွဲရန် လျာထားသော်လည်း ပြည်နယ်ဝန်ကြီးချုပ် ခရီးစဉ်တွင် ဒေသခံများနှင့် တွေ့ဆုံရာ၌ တောင်းဆိုချက်များကို ချက်ချင်း ဖြည့်ဆည်းရန် ကျပ် နှစ် ဘီလီယံ ခွဲဝေခဲ့သည့်အတွက် ကျန်ရှိသည့် ကျပ် သုံး ဘီလီယံကိုသာ တစ်မြို့နယ်လျှင် ကျပ် သိန်း ၃,၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

၂၀၁၀ မှ စ၍ ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော်ဘတ်ဂျက်အဖြစ် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁,၀၀၀ စီခွဲဝေပေးကြောင်းသိရသည်။

ဇော်ထိုက်

Leave a Reply