Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်အတွင်း ၁၀ မြို့နယ် အမှိုက်ကင်းစင်ရေးအတွက် အမှိုက်သိမ်းယာဉ် ၄၁ စီးကို လာမည့် ဒီဇင်ဘာလတွင် မြို့နယ်အလိုက် ခွဲတမ်းချပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

ယင်းသို့ ခွဲဝေပေးရာတွင် အလုံပိတ်ကား ၂၆ စီးကို တစ်မြို့နယ်လျှင် နှစ်စီးနှုန်းဖြင့် အစီး ၂၀ ဖြန့်ဝေပေးမည်ဖြစ်ပြီး ကျန် ခြောက်စီးကို အရန်အဖြစ် ထားရှိသွား၍ အမှိုက်သိမ်းယာဉ်ငယ် ၁၅ စီးကို မော်လမြိုင်မြို့နယ် အတွက် ၁၀ စီး၊ သထုံမြို့နယ်အတွက် ငါးစီး ခွဲတမ်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အမှိုက်ကင်းစင်ရေးအတွက် မော်လမြိုင်ကို အဓိကထားလုပ်သွားမယ်။ မော်လမြိုင်မှာ အဆင်ပြေသွားရင် ကျန်မြို့နယ်တွေ ထပ်လုပ်သွားမယ်”ဟု ဦးမြင့်အောင်က ဆိုသည်။

ယခုအခါ မော်လမြိုင်မြို့နယ်၌ အမှိုက်သိမ်းယာဉ်များဖြင့် သန့်ရှင်းရေးဆောင်ရွက်ရာ၌ အောင်မြင်မှုရရှိနေသော်လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု များစွာ လိုအပ်နေသေးကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

မော်လမြိုင်မြို့တွင် လူဦးရေ ၂၁၇,၇၄၅ ရှိပြီး၊ တစ်ဦးလျှင် နေ့စဉ် အမှိုက် ၀ ဒသမ ၅၅ ကီလိုဂရမ် စွန့်ပစ်လျက်ရှိရာ တစ်နေ့ အမိှိုက်တန်ချိန် ၁၂၀ မှ ၁၅၀ အထိ ထွက်ရှိနေသည်။ ယင်းအမှိုက်များကို အမှိုက်သိမ်းယာဉ် Dump truck ကား ကိုး စီးအပါအဝင် Garbage truck တစ်စီး၊ Tractor တစ်စီး၊ အခြားအမှိုက်သိမ်းယာဉ် ခြောက်စီးဖြင့် သိမ်းဆည်းလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ မော်လမြိုင်မှာ တစ်နေ့ကို အမှိုက်တန် ၁၂၀ မှ ၁၅၀ အထိ ထွက်နေတယ်၊ သိမ်းတာက တန် ၆၀ လောက်ရှိတယ်။ ဒါတွေကို နိုင်အောင် သိမ်းရမယ်။ ကားသစ်တွေ ရောက်လာရင်တော့ အားလုံး သိမ်းနိုင်မယ်”ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ဆိုသည်။

အမှိုက်သိမ်းယာဉ်ဖြင့် လိုက်လံသိမ်းဆည်းသည့် စနစ်မှာ ကောင်းမွန်သော်လည်း အမှိုက်ကားလာချိန်၌ လုပ်ငန်းခွင်ဝင်ရောက်နေရသည့် ဝန်ထမ်းများနှင့် လုပ်သားပြည်သူများအတွက် အခက်အခဲရှိနေခြင်းကြောင့် အမှိုက်ပုံးများ ထားရှိပေးရန် လိုအပ်လျက်ရှိကြောင်း မော်လမြိုင်မြို့မိမြို့ဖ ဦးမောင်မော်ဇော်ထွန်းက ထောက်ပြပြောဆိုသည်။

Written by – ဇော်ထိုက်

 

Advertisements
<

Leave a Reply