Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၂၈

လာမည့် နှစ်ဆန်းပိုင်းမှ စ၍ မွန်ပြည်နယ်အတွင်းရှိ စက်ရုံကြီးများ၏ ထုတ်လုပ်မှု လုပ်ငန်းစဉ်မှတဆင့် ပတ်ဝန်းကျင် ထိခိုက်မှု၊ နောက်ဆက်တွဲဆိုးကျိုး သက်ရောက်မှု ရှိ မရှိကို အဓိကထား စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင့်လွင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်အတွင်းရှိ စက်ရုံကြီးများကို တစ်လလျှင် စက်ရုံ ၁၀ ရုံအထိ စစ်ဆေးနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ဆေးရာတွင် စက်ရုံများမှ စွန့်ထုတ်သည့် ရေဆိုးရေညစ်များအပြင် အသံဆူညံမှုနှုန်းများနှင့် မီးခိုးထွက်ရှိမှုအခြေအနေများကိုပါ အဓိကထားစစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးရန်အတွက် အစီအစဉ်အသေးစိတ်ကို ရေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ စစ်တဲ့နေရာမှာ ထိခိုက်မှု ဖြစ်ရင် ပြန်ပြင်ခိုင်းမယ်။ မလုပ်ရင်တော့ ဥပဒေအတိုင်း အရေးယူမယ်”ဟု ဦးတင့်လွင်က ဆိုသည်။

ပြည်နယ်အတွင်း မှတ်ပုံတင်ထားသည့် စက်ရုံကြီးများကို စစ်ဆေးရာတွင် ပထမအကြိမ်အဖြစ် ပြုပြင်ပြောင်းလဲဆောင်ရွက်မှု လုပ်ဆောင်ရန် ညွှန်ကြားသွားမည်ဖြစ်ပြီး ဒုတိယအကြိမ် သွားရောက် စစ်ဆေးချိန်တိုင် လုပ်ဆောင်ထားခြင်း မရှိပါက စက်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ကလည်း ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ထုတ်ပြန်ထားသည့် စံချိန်၊စံနှုန်းထက် ကျော်လွန်၍ အညစ်အကြေး စွန့်ပစ်မှုများကို စိစစ်တွေ့ရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ရဲ့ လမ်းညွှန်ချက်ကို မလိုက်နာလို့ ရှိရင ်နိုင်ငံတော်အဆင့်ကလည်း စက်ရုံ ပိတ်သိမ်းတဲ့ အထိ အရေးယူလို့ရတယ်”ဟု ဦးစိုးနိုင်က ဆိုသည်။

စက်ရုံ အလုပ်ရုံများ ထုတ်လွှတ်နေသည့် ရေဆိုးရေညစ်များမှာအသေးအဖွဲမျှသာဟုဆိုသော်လည်း ရေရှည်ဖြစ်လာပါက ပတ်ဝန်းကျင် ထိခိုက်မှုအတွက် အန္တရာယ် ရှိလာနိုင်ခြင်းကြောင့် အဆိုပါ လုပ်ငန်းများကို ထိန်းသိမ်းရမည့် အခြေအနေတစ်ရပ် ဖြစ်လာကြောင်း ၎င်းက ပြောဆိုသည်။

ယခုနှစ် နိုဝင်ဘာလအထိ စာရင်းများအရ မွန်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် စက်ရုံပေါင်း ၂၄၈၂ ရုံရှိနေပြီး၊ အကြီးစား စက်ရုံ ၁၇၃ ရုံ၊ အလတ်စားစက်ရုံ ၃၃၄ ရုံ၊ အသေးစားသက်ရုံ ၁၉၇၅ ရုံ ရှိနေကြောင်း ယင်းဌာန၏ စာရင်းများအရ သိရသည်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply