Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ ၁၀

လာမည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ပြီး အကျဉ်းထောင်၊ ကုန်ထုတ်စခန်း၊ ကျောက်စခန်းများရှိ အကျဉ်းသား၊ အကျဉ်းသူများအနေဖြင့် စားစရိတ်တိုးမြှင့် ရရှိတော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က ပြောကြားသည်။

ယခင်က အကျဉ်းသားတစ်ဦးလျှင် စားစရိတ် ၆၀၀ ကျပ်သာရရှိခဲ့သော်လည်း လာမည့် နှစ်ဆန်းပိုင်းမှစတင်ကာ အကျဉ်းထောင်ရှိ အကျဉ်းသားတစ်ဦးလျှင် ဆန်မပါ ၉၇၅ ကျပ်နှုန်း၊ ကုန်ထုတ်စခန်းနှင့် ကျောက်ထုတ်စခန်းများရှိ အကျဉ်းသားတစ်ဦးကို ၁၀၀၀ ကျပ်နှုန်းဖြင့် စားစရိတ်နှုန်းထားများတိုးမြှင့်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

“နိုင်ငံတော်ကနေမှ အကျဉ်းသား၊ အကျဉ်းသူတွေအတွက် စားသောက်စရိတ်တွေ ထပ်တိုးပေးတယ်။ အခုလိုတိုးပေးတော့ ပိုပြီးတော့တောင် အဆင်ပြေသွားပေါ့။ အရင်တုန်းပေးတဲ့ နှုန်းထားက လူတစ်ဦးကို ဆန်မပါ ကျပ် ၆၀၀ ကျော်ခန့်ရတဲ့ အချိန်တုန်းကလည်း ကျွန်တော်တို့က တစ်ပတ်ကိုနှစ်ရက် အသားကျွေးတာပေါ့။ အခုဆိုရင် ၂၀၁၈ ၁ လပိုင်းကစပြီးတော့မှ တစ်ပတ်ကို အသားဟင်း လေးကြိမ်ဖြစ်သွားမှာပေါ့” ဟု ဦးလင်းဗိုလ်နောင်ကဆိုသည်။

လက်ရှိအချိန် ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်) တွင် အကျဉ်းသား၊ အကျဉ်းသူများကို အသက်မွေးလက်မှုပညာများ သင်ကြားပေးလျက်ရှိသော်လည်း နေ့စဉ်နှင့်အမျှ အကျဉ်းသားဦးရေ ပိုမိုများပြားလာသဖြင့် ကြပ်တည်းလာကာ နေထိုင်မှုအခက်အခဲများရှိနေကြောင်း အကျဉ်းသားတစ်ဦးကို ဧည့်တွေ့သွားရောက်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြန်လည်ပြောဆိုသည်။

သို့သော်လည်း ကျိုက်မရောအကျဉ်းထောင် (မော်လမြိုင်)ရှိ အကျဉ်းသားများကို အကျဉ်းထောင်တာဝန်ကျ ဆရာဝန်မှ ပြည်နယ်ဆေးရုံကြီးသို့ ကုသရန်လိုအပ်ကြောင်း အကြောင်းကြားလာပါက သက်ဆိုင်ရာဆေးရုံကြီးသို့ ချိတ်ဆက်၍ ဆေးကုသမှုခံယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဦးလင်းဗိုလ်နောင်က ဆိုသည်။

“ကျန်းမားရေးစောင့်ရှောက်မှုအနေနဲ့ ဘာအခက်အခဲမှမရှိပါဘူး။ ကျွန်တော်ထောင်မှာ ဆရာဝန်ရှိတယ်၊ သားဖွားဆရာမခန့်ထားတာရှိတယ်၊ ကျန်းမားရေးမှူးတွေခန့်ထားတာတွေရှိတယ်။ သူတို့တွေကနေပြီးတော့မှ ဆေးဝါးတွေကို လိုသလောက်ကျွန်တော်ထုတ်ပေးတယ်။ တစ်ကယ်အထဲမှာ ကုလို့မရနိုင်တဲ့ အခါမျိုးကျမှ ပြည်နယ်ဆေးရုံကြီးလွဲပြီးတော့ ကုသပေးပါတယ်။ လက်ရှိမှာလည်း ကုသပေးနေတာရှိတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

အကျဉ်းထောင်ပြောင်းရွေ့နိုင်ရန် အခက်အခဲဖြစ်ပေါ်နေမှုမှာ အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးနှင့် ရေများ မရရှိသေးသဖြင့် နေပြည်တော်ရှှိ သက်ဆိုင်ရာအထက်ဌာနသို့ ၎င်းလိုအပ်ချက်အမြန်ရရှိရေးအတွက် တင်ပြဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ သိရသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply