မော်လမြိုင် ၊ မေ ၁၆

လာမည့် ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေလျာထားချက် ဘတ်ဂျက် အတည်ပြုရန် ဒသမ ကြိမ်မြောက်လွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

လွှတ်တော် အစည်းအဝေးကို မေလ ၂၉ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး၊ မေးခွန်းနှင့် အဆို အပေါ် မူတည်
ပြီး ရက်မည်မျှ ကျင်းပမည့် အကြောင်း ထပ်မံ ကြေညာပေးမည်ဟု ၎င်းင်းက ပြောသည်။

“လွှတ်တော် အစည်းအဝေး ကျင်းပဖို့ အစိုးရအဖွဲ့ကို မေလ ၄ ရက်ကတည်း ဖိတ်စာပို့ထားတယ်”ဟု ဒေါ်တင်အိက
ဆိုသည်။ ယခု အစည်းအဝေးသည် ၂၀၁၈ အောက်တိုဘာကနေ ၂၀၁၉ စက်တင်ဘာအထိ ၁၂ လ တာ သုံးစွဲ ဆောင်ရွက်
မည့် မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဘတ်ဂျက်ကို အတည်ပြုရန် ဖြစ်ပြီး၊ အဆိုနှင့် မေးခွန်းများမှာ တင်သွင်းနေဆဲ ဖြစ်သည့်အတွက် အတိအကျမပြောနိုင်သေးကြောင်း ဒေါ်တင်အိက ပြောသည်။

“လွှတ်တော်ကတော့ အစည်းအဝေးအတွက် ဖိတ်စာ ပို့ထားတယ်၊ ဒါပေမဲ့ မေးခွန်းတွေတော့ မရောက်သေးဘူး၊ မေးခွန်းတွေ စောင့်နေတယ်” ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လက ကျင်းပသည့်နဝမကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် မေးခွန်းပေါင်း ၄၀ နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာ သုံးစွဲမှု ဘတ်ဂျက်ကို အတည်ပြု မေး
မြန်းနိုင်ခဲ့သည်။

Written by သက်ပိုင်

Leave a Reply