လာမည့် လွှတ်တော်တွင် မေးခွန်း ၄၃ ခုနှင့် အဆို နှစ်ခု တင်သွင်းမေးမြန်းမည်

မော်လမြိုင် ၊ စက်တင်ဘာ

စက်တင်ဘာ ၁၂ ရက်တွင် စတင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၁ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်းပေါင်း ၄၃ ခုနှင့် အဆို နှစ် ခု တင်သွင်း မေးမြန်းသွားမည်ဖြစ်ကြောင်း ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ တင်သွင်းလာမည့် ပြည်နယ်ယစ်မျိုးခွန်ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်း လွှတ်တော်ရေးရာကော်မတီများ၏ အစီရင်ခံစာတင်ပြခြင်းနှင့်အတူ လာမည့် ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ကိုပါ အတည်ပြုသွားမည်ဟု ၎င်းက ပြောသည်။

” မေးခွန်းက ၄၀ ကျော်တယ်ဆိုတော့ ၈ ရက်လောက်တော့လျာထားတယ်၊ လျှပ်စစ်ဝန်ကြီး ရွေးချယ်မယ့်ကိစ္စတော့ အခုချိန်ထိတော့ အစိုးရအဖွဲ့က စာမပို့လာသေးဘူး”ဟု ဒေါ်တင်အိက ဆိုသည်။

အစည်းအဝေးအတွက် ပြင်ဆင် စရာရှိသည့် လုပ်ငန်းစဉ်များနှင့် မေးခွန်းအတွက် အဖြေများကို ပြင်ဆင်နေပြီ ဖြစ်ကြောင်း ပြည်နယ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဆိုသော်လည်း အဆိုနှင့် မေးခွန်းအသေးစိတ် ကိုမူ ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

“လာမယ့်လွှတ်တော်အစည်းအဝေးမှာတော့ သထုံဈေးနဲ့ ပတ်သက်ပြီးလွှတ်တော်က မေးထားတာ ရှိတဲ့အတွက် ပြင်ဆင်နေတယ်၊ ကျန်တာတွေလည်း ဆောင်ရွက်နေတုန်းပဲ အဲ့ဒီကျမှ ပြည့်ပြည့်စုံစုံ သိရမှာပေါ့” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဒသမအကြိမ် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို မေလ ၂၉ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့ထိ ကျင်းပခဲ့ပြီး မေးခွန်း ၃၅ ခု မေးမြန်းခဲ့ကာ အဆို တစ် ခု အတည်ပြုနိုင်ခဲ့သည်။

သက်ပိုင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.