လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အမျိုးသမီးပါတီ (မွန်) ဝင်ရောက် ယှဉ်ပြိုင်မည်

မော်လမြိုင်၊ ဇွန်

မွန်နိုင်ငံရေး ပါတီ တစ်ခုဖြစ်သည့် အမျိုးသမီးပါတီ (မွန်) သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီ ဥက္ကဋ္ဌ မိသန်းရှင်က ဇွန်လ ၇ ရက်တွင် ဟင်္သာမီဒီယာသို့ အတည်ပြု ပြောကြားသည်။

ထိုသို့ ယှဉ်ပြိုင်ရာတွင် ဆန္ဒမဲ မကွဲစေရန်အတွက် မွန်ပါတီများ ရှိသည့် နေရာများ၌ ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ဘဲ နေရာလွတ်သော နေရာများတွင်သာ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောဆိုသည်။

“ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ် ဘာကြောင့်လဲဆိုတော့ မယှဉ်ပြိုင်ဘူးဆိုရင် ဒီပါတီက အဖျက်ခံရမယ်”ဟု မိသန်းရှင်က ဆိုသည်။

ပါတီအနေဖြင့် အသစ် ထူထောင်မည့် မွန်အမျိုးသား ကိုယ်စားပြု ပါတီနှင့်လည်း ပူးပေါင် လုပ်ဆောင်သွားရန် အစီအစဉ် မရှိသေးကြောင်းနှင့် ရွေးကောက်ပွဲဝင်ရန် တခြား ပါတီ နည်းတူ ပြင်ဆင်မှုများပြုလုပ်နေပြီဟု ၎င်း ကပြောဆိုသည်။

ထို့အပြင် မိမိတို့ ပါတီသည် မွန်လူမျိုး၌ ပထမ ဦးဆုံး ပေါ်ပေါက်လာသည့် အမျိုးသမီးပါတီဖြစ်သောကြောင့် လူမျိူး၏ ဂုဏ်တစ်ခုလည်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမျိုးသမီးပါတီ(မွန်) ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိစ္စနှင့် ပတ်သက်ပြီး မွန်အမျိုးသား ကိုယ်စားပြုပါတီ ထူထောင်ကြိုးပမ်းနေသည့် အဖွဲ့ခေါင်းဆောင် နိုင်တလညီကို ဟင်္သာမီဒီယာက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် ပါတီ ထူထောင်ရန်သာ လုပ်ဆောင်နေခြင်းကြောင့် သဘောထား မှတ်ချက်ပေးရန် မရှိကြောင်းနှင့် ရွေးကောက်ပွဲဝင်မည့် ကိစ္စသည် ၎င်းတို့ ပါတီ သဘောအတိုင်းသာ ဖြစ်သည်ဟု ပြန်လည် ဖြေဆိုခဲ့သည်။

မွန်ပြည်နယ်တွင် မွန်အမျိုးသား ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသမီး ပါတီ(မွန်) တို့သည် ရွေးကောက်ပွဲ ကော်မရှင်၌ တရားဝင် မှတ်ပုံတင်ထားသော ပါတီများ ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအတွင်း မွန်အမျိုးသားပါတီသည် မဲဆန္ဒနယ် ၃၅ နေရာ ဝင်ရောက် ယှဉ်ပြိုင်ပြီး အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာသာ အနိုင်ရရှိကာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မဲဆန္ဒနယ် ၃၅ နေရာ ယှဉ်ပြိုင်ရာတွင် ပြည်နယ်လွှတ်တော် တစ် နေရာသာ အနိုင်ရရှိခဲ့သည်။

အမျိုးသမီးပါတီမူ ဝင်ရောက်ယှဉ်ပြိုင်သော မည်သည့် မဲဆန္ဒနယ်မှ အနိုင်ရခဲ့ခြင်း မရှိပေ။

ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်