မော်လမြိုင် မတ် ၅

လာမည့် ၂၀၂၀ ထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပိုမိုရွေးကောက်ခံရန် မတ်လ ၅ ရက်နေ့က ကျင်းပသည့် (၁၆) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အခမ်းအနားမှ တောင်းဆိုကြောင်း မွန်အမျိုးသမီးများနေ့ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် မိကွန်းချမ်းနွန်က ပြောသည်။

“ကျွန်မတို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပိုမိုရည်ညွှန်းတာတော့ရှိတယ် ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာကတော့ အမျိုးသမီးကိုယ်စားလှယ်တွေ ပိုမိုပါဝင်လာနိုင်ဖို့နဲ့ ပိုမိုရွေးကောက်ခံဖို့ နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့ ကျွန်မတို့ ပြောထားတာရှိတယ်”ဟု မိကွန်းချမ်းနွန်က ပြောသည်။

ငြိမ်းချမ်းရေးကဏ္ဍတွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်း ပါဝင်မှုလိုအပ်နေသည့်ကိစ္စများအနေဖြင့် မိမိတို့ ယခင်တောင်းဆိုထားသည့်အတိုင်း ဆက်လက်တောင်းဆိုသည့်အပြင် အမျိုးသမီးကဏ္ဍမှ ကူညီဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို အမျိုးသမီးအဖွဲ့ကို အသိပေးအကြောင်းကြားပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် မွန်အမျိုးသမီးခေါင်းဆောင်မှုနှင့် ပတ်သက်ပြီး မွန်ညီညွတ်ရေးပါတီ ဦးဆောင်ကော်မတီများထဲတွင် ဦးထဲမှာ အမျိုးသမီး (၈) ဦးသာပါဝင်ပြီး မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီများထဲတွင် အမျိုးသမီး (၂) ဦးသာ ပါဝင်နေသောကြောင့် ရာခိုင်နှုန်းအားဖြင့် မွန်အမျိုးသမီး ခါင်းဆောင်မှု ဦးဆောင်မှုအခန်းကဏ္ဍတွင် အားနည်းနေသေးကြောင်း မိကွန်းချမ်းနွန်က ဆက်လက်ပြောကြားသည်။

အမျိုးသမီးများအနေဖြင့် ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်ကဏ္ဍတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရေးအတွက် မွန်အမျိုးသမီးများနေ့က နှစ်စဉ်နှစ်တိုင်းကျင်းပခြင်းဖြစ်သည်။

မွန်ဘုရင်မ ရှင်စောပု မွေးနေ့ဖြစ်သည့် တပေါင်းလဆန်း (၁၂) ရက်ကို မွန်အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး မွန်အမျိုးသမီးများနေ့အခမ်းအနားကို မတ်လ ၅ ရက်နေ့က မော်လမြိုင်မြို့မှာ ကျင်းပခဲ့သည်။

ရွှေရိုး

Leave a Reply