မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃ ။ ။ လွှတ်တော်ကိုယ်စားလှယ်များ တင်ပြထားသော ရေရှားပါးခဲ့သည့် ကျေးရွာများအား ယခုနှစ်နွေရာသီတွင် သောက်ရေနှင့် သုံးရေများရရှိရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့မဲဆန္ဒနယ်မြေအတွင်း မည်သည့်နေရာ၌ ရေရှားပါးသည်ကို အဓိက သိရှိသူများဖြစ်သဖြင့် ကျေးလက်တံတား ရေပေးဝေရေး စီမံကိန်းအရ ရေဖြန့်ဝေရန် ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကိုယ်စားလှယ်တွေက ဘယ်နေရာ ရေရှားလဲဆိုတာ သိကြတယ်၊ လွှတ်တော်မှ သော်လည်းကောင်း၊ တိုက်ရိုက်အားဖြင့် သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ဆင့်လာပြီး တင်ပြထားတဲ့ ရွာတွေကို ရေပေးဖို့ ဒီနှစ်မှာတော့ သေချာလုပ်ထားတာရှိတယ်”ဟု ဦးထွန်းဌေးက ဆိုသည်။

ယခင်နှစ်က ကျေးရွာအချို့တွင် အဝီစိတွင်းများ တူးဖော်ခဲ့သော်လည်း ရေမထွက်သည့်အတွက် တာဝန်ယူ တူးဖော်ခဲ့သည့် ကုမ္ပဏီများကိုလည်း ကုမ္ပဏီစရိတ်ဖြင့် ပြန်လည်တူးဖော်ပေးရန် ကျေးလက်ဒေသဦးစီးဌာနက ညွှန်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒီနှစ်အတွက်ကတော့ မတင်ပြရသေးဘူး၊ ပြီးခဲ့တဲ့နှစ်ကပဲ လွှတ်တော်အစည်းအဝေးမှာ အနည်းအကျဉ်း တင်ပြထားတာ၊ တကယ်လို့ ဝန်ကြီးအနေနဲ့ ဒီကိစ္စကို လုပ်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အကြောင်းကြားသင့်တယ်”ဟု ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က ဆိုသည်။

မွန်ပြည်နယ်အတွင်း ပင်လယ်ရေ ဝင်ရောက်သည့် ဒေသများ၊ ရေတွင်းနှင့် စက်ရေတွင်း တူးမရသည့် ကျေးရွာများ၊ ရေကန်များ၊ ဆည်များနှင့် မနီးသည့် ဒေသများတွင် ရေရှားပါးသည့် ပြဿနာကို နှစ်စဉ် ကြုံတွေ့နေရပြီး ယခင်နှစ်က အယ်နီညို ရာသီဥတုကြောင့် ရေရှားပါးသည့် ဒေသများကို ပရဟိတအဖွဲ့များက သောက်ရေသုံးရေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

Written by – ဖိုးဝ

Leave a Reply