Advertisements

လားရှိုး၊ အောက်တိုဘာ ၃ ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးကားဈေးကွက်တွင် ကားအရောင်းအဝယ်လုပ်ကိုင်သူ များပြားလာသဖြင့် ကားများ အရောင်းထိုင်းနေကြောင်း ကားဝယ်ရောင်းအသိုင်းအဝိုင်းမှ သိရသည်။

လားရှိုးမြို့တွင် ယခင်က ဆိုင်ကယ်အရောင်းအဝယ် လုပ်ကိုင်သူများသည် ၂၀၁၂ နောက်ပိုင်းတွင် ကားအ ရောင်းအဝယ်ဖက်သို့  ပြောင်းလဲ လုပ်ကိုင်လာကြခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကားအရောင်းအဝယ်လုပ်သူ ပိုမို များလာခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၂ ခုနှစ်လောက်မှာက ဝါရင့်ကားပွဲစားတွေလောက်ပဲ အလုပ်လုပ်ကြတယ်။ နောက်ပိုင်းမှာ ကားဈေးပေါ လာပြီးတော့ ဆိုင်ကယ်ဝယ်ရောင်းလုပ်နေတဲ့သူ တွေအားလုံးနီးပါး ဒီကားပွဲစားတန်းကိုရောက်လာတော့ အရောင်းအဝယ်က အေးနေတာပါ။ နောက်ပိုင်း ပိုပြီးအရောင်းအဝယ်အေးလာနိုင်ပါတယ်။”ဟု လားရှိုးမြို့မှ ကား ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးဘိုင်ကြီးကပြောသည်။

ဆိုင်ကယ်ဝယ်ရောင်းလုပ်သူများမှာလည်း ဆိုင်ကယ်တစ်စီးလျှင် အမြတ်ငွေ(၅၀၀၀)ဝန်းကျင်ရရှိရန် တနေကုန် ရောင်းရခြင်း၊ ဆိုင်ကယ်(၆)စီးရောင်းချနိုင်မှသာ အမြတ်ငွေ(၃၀၀၀၀)ကျပ်ရရှိခြင်းတို့ကြောင့် တန်ဖိုးချင်းတူကာ အမြတ်များသော ကားဝယ်ရောင်းလုပ်ငန်းကို လာရောက်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်(၆)စီးလောက်ရောင်းမှ (၃၀၀၀၀)လောက်ကျန်တာ။ ကားတစ်စီးရောင်းရပြီဆိုရင် တစ်သိန်းအသာ လေးရတယ်။ ရင်းရတာချင်းက အတူတူလောက်ပဲ။ သိန်း(၃၀)လောက်ဆိုရင် ကားဝယ်ရောင်းလုပ်လို့ရတယ်။ ဆိုင်ကယ်လည်း အဲဒီလောက်ပဲ ရင်းနှီးထားရတာ။ အမြတ်မှာ ကွာတယ်။ ဒါကြောင့် ကားလိုင်းဖက်ပြောင်းလာ တာပါ။”ဟု ကားဝယ်ရောင်လုပ်ကိုင်သူ ဦးစိုးကပြောသည်။

လားရှိုးမြို့တွင် လိုင်စင်ရှိကားများနှင့် လိုင်စင်မဲ့ကားများပါ အရောင်းအဝယ်လုပ်ကိုင်ကြပြီး နောက်ပိုင်းတွင် ကား ဈေးပေါခြင်းကြောင့် ကားဝယ်ရောင်းလုပ်ကိုင်သူ များပြားနေပြီး ဝယ်ယူမည့်သူ မရှိသလောက်ရှားလာကြောင်း သိရသည်။

Advertisements
<

Leave a Reply