Advertisements

လားရှိုးမြို့နယ်မှ ကျောင်းသားငါးသောင်းကျော်ကို ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး ထိုးပေးမည်

လားရှိုး၊ အောက်တိုဘာ ၁၁ ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ ကျောင်းသား(၅၅၂၀၀)ခန့်အား ဂျပန်ဦးနှောက်ရောင်ရောဂါကာ ကွယ်ဆေး ကျောင်းအခြေပြု ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

နိုင်ငံတစ်ဝှမ်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံပေးသွားမည်ဖြစ်ရာ လားရှိုးမြို့နယ်တွင်းရှိ ကျောင်းများတွင်လည်း ကျောင်းအခြေပြုဆေးထိုးနှံခြင်းကို အဖွဲ့(၁၀)ဖွဲ့ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျောင်းတွေကတော့ အားလုံးပါတယ်။ KG မှာက (၅)နှစ်စတာ (၁၀)တန်းထိထိုးပေးခြင်းဖြစ်ပါတယ်။ ပြည်သူတွေအတွက်လည်း ဒီဇင်ဘာလမှာရှိပါတယ်။”ဟု လားရှိုးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ ထွန်းလှဖြူက ပြောသည်။

လားရှိုးမြို့နယ်ရှိ ကျောင်းပေါင်း(၂၁၀)ကျော်မှ ကျောင်းသားများအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းမနေ သော ကလေးများအား ပြည်သူအခြေပြုကာကွယ်ဆေးထိုးနှံချိန်တွင် ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“၂၀၁၈ ခုနှစ်မှာ ဆိုရင်တော့ ဒီဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ထပ်တိုးပြီးထိုးပေးသွားမှာပါ။ ကာကွယ် ဆေးထိုးတဲ့ အချိန် ထပ်တိုး ထိုးပေးသွားမှာပါ။”ဟု ဒေါက်တာ ထွန်းလှဖြူက ပြောသည်။

လားရှိုးမြို့နယ်အတွင်း ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းအတွက် (၅၅၂၇၆)ဦးနှင့် ပြည်သူအခြေပြုဆေး ထိုးနှံခြင်းအတွက် (၉)လမှ (၁၅)နှစ်အထိ (၄၁၂၃၂)ဦး၊ စုစုပေါင်း(၁၀၈၈၃၈)ဦးအား ကာကွယ်ဆေးထိုးအဖွဲ့ (၆၄)ဖွဲ့ဖြင့် လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါမှာ ပိုးရှိသည့် ခြင် ကိုက်ခံရပြီးနောက် ၄-၁၅ ရက်ခန့်တွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်း-တုံခြင်း၊ ပျို့-အန်ခြင်း၊ ကြွက်သားများနာခြင်း၊ လည်ပင်းတောင့်တင်းခြင်း အားယုတ်ခြင်းနှင့် အချိန်ကြာမြင့် လာလျှင် စိတ်အခြေအနေ ထိခိုက်လာခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် စိတ်မတည်ငြိမ်ရာမှစ၍ တက်သည်အထိ ဖြစ်နိုင်ကြောင်း သိရသည်။

ကလေးများ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်လျှင် ၆ဝ ရာခိုင်နှုန်း တက်တတ်ကြောင်း၊ လက်တုံခြင်း၊ အလိုလို ကိုယ်-လက်လှုပ်ခြင်း၊ စကားမပြောချင်ခြင်း၊ (ရီဖလက်စ်) တုံ့ပြန်မှု လွန်ကဲခြင်း၊ မျက်စိ ရောင်ခြင်း၊ (ပိုလီယို) သူငယ်နာ အကြောသေနှင့် ဆင်တူကာ ဖြစ်ပွားသူ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ကြောင်း သိရသည်။

Advertisements
<

Leave a Reply