လားရှိုး၊ အောက်တိုဘာ ၃ ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ မြကန်သာခြံဝန်းရှိရေကန်တစ်ခုအတွင်းမှ ပုပ်ပွနေသော အမျိုးသမီးအလောင်းကို အောက်တိုဘာ ၃ ရက်၊ နေ့လယ်ပိုင်းက တွေ့ရှိခဲ့ကြောင်း လားရှိုးမြို့မ ရဲစခန်းမှ သိရှိရသည်။

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ သာသနာ(၂၅၀၀)ဘုရားကုန်းအနီးရှိ သော့ခတ်ထားသော ကန်အမှတ်(၉)(ယခင် မြကန်သာရေကူးကန်) အတွင်းမှ ပုပ်ပွသေဆုံးနေသော အမျိုးသမီးအလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“နေ့ခင်းပိုင်းက ရ.မ.ခကနေပြီးတော့ ဖုန်းဆက်လာတာပါ။ မြကန်သာ ကန်အမှတ်(၉)မှာ အမျိုးသမီးအလောင်း တွေ့တယ်ဆိုလို့ ကျွန်တော်တို့ရဲစခန်းက တာဝန်ရှိတဲ့သူတွေ သွားရောက်စစ်ဆေးခဲ့ပါတယ်။ ပုပ်ပွနေတာတွေ့ရ တဲ့အတွက် ဆေးရုံကိုပို့လိုက်ပါတယ်။”ဟု လားရှိုးမြို့နယ်မြေ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးမှာ အကျႌအစင်းကြား ဝတ်ဆင်ထားပြီး အမျိုးသမီးအလောင်းအား ပေးသောလက် စေတ နာရှင်အဖွဲ့နှင့် ကမ္ဘောဇ နာရေးနှင့် လူမှုကူညီရေးအသင်းတို့က ဆယ်ယူကာ လားရှိုးပြည်သူ့ဆေးရုံရှိ ရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဖုန်းဆက်လာလို့ မြကန်သာကို သွားလိုက်တာပါ။ ရေကန်ထဲကနေ ကြိုးနဲ့ဆွဲတင်ခဲ့ရပါတယ်။ ဘောင်းဘီရှည် နက်ပြာရောင်တစ်ထည်ပါသေးတယ်။ အသက်ကတော့ (၃၀)ကျော်လောက်တော့ရှိနိုင်ပါတယ်။”ဟု ကမ္ဘောဇနာရေးနှင့် လူမှုကူညီရေးအသင်းမှ ကိုရန်နိုင်က ပြောသည်။

မြကန်သာခြံသည် သော့ပိတ်ထားသည်မှာ ကြာပြီဖြစ်ကာ သေဆုံးသူအား လားရှိုးနယ်မြေ ရဲစခန်းတွင် သေမှု သေခင်းဖွင့်လှစ်နိုင်ရန်အတွက် စုံစမ်းမှုများပြုလုပ်နေကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

Written by – MMK

Leave a Reply