ဗြိတိန် ခရီးသွားစုံတွဲကို သတ်ဖြတ်မှုဖြင့် သေဒဏ်ချခံထားရသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ အယူခံကို ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံးတရားရုံးက ယနေ့တွင် ပယ်ချလိုက်ပြီး အောက်ရုံးများက ချမှတ်ခဲ့သည့်ပြစ်ဒဏ်ကို အတည်ပြုလိုက်သည်။

လွန်ခဲ့သည့် ၅ နှစ် ၂၀၁၄ နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း) ဗြိတိန် ခရီးသွားစုံတွဲ မစ္စတာဒေးဗစ်မီလာ (၂၄ နှစ်) နှင့် မစ္စ ဟာနာ ဝစ်ထာရစ် (၂၃ နှစ်) တို့အား သတ်ဖြတ်မှု၊ အမျိုးသမီးငယ်အား မုဒိန်းကျင့်သတ်ဖြတ်မှု အပါအဝင် ပုဒ်မ ၇ ခုဖြင့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အား ၂၀၁၅ ဒီဇင်ဘာလအတွင်းက ကော်စမွီခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အစပိုင်းတွင် လူသတ်၊ မုဒိန်းကျင့်ခဲ့ကြောင်း ၎င်းတို့က ဝန်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းရဲက ညှဉ်းပန်းနှိပ်စက်ပြီး အတင်းအကျပ် ဝန်ခံခိုင်းခဲ့ကြောင်း မြန်မာလုပ်သားများက ထုတ်ဖော်ပြောဆိုခဲ့သည်။

၎င်းတို့သည် အပြစ်မရှိကြောင်း အယူခံအဆင့်ဆင့် တက်လာခဲ့ရာ နောက်ဆုံးတွင် အဆင့်မြင့်ဆုံးတရားရုံး ဖြစ်သည့် ထိုင်းတရားရုံးချုပ်က ယနေ့တွင် အယူခံကို ပယ်ချခဲ့ခြင်းဖြစ်သည်။
တရားရုံးချုပ်တွင် အယူခံရှုံးနိမ့်ပြီးနောက် မြန်မာလုပ်သားများသည် နောက်ဆုံးအဆင့်အဖြစ် ထိုင်းဘုရင်ထံ အသနားခံရန်သာ ကျန်ရှိတော့သည်။

Leave a Reply