ချောင်းဆုံ ဇွန်

လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအားဒေသသုံးလိုင်စင်ပြုလုပ်ပေးရန်ရှိကြောင်းနှင့်ပြုလုပ်ပေးမည့် ရက်ချိန်းအတိအကျကိုမသိရှိရသေးကြောင်းချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

“လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို ဒေသသုံးလိုင်စင်လုပ်ပေးဖို့ရှိတယ်။ ဘယ်နေ့မှာစတင်လုပ်ပေးမယ်ဆိုတာကိုတော့ရက်ချိန်းအတိအကျမသိရသေးဘူး။ ပြည်နယ်အစိုးရရုံးမှာ နောက်တစ်ကြိမ် အစည်းအဝေးလုပ်ဖို့ရှိတယ်”ဟု၎င်းကဆက်လက်ပြောသည်။

ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက် / ကျေးရွာများတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ စာရင်းပြုစုထားရန် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်မြို့နယ်အုပ်ချုပ်ရေးမှူးကညွှန်ကြားခဲ့ကြောင်းတော်
ပွန်ကျေးရွာအုပ်ချုပ်ရေးမှူးဦးပုလင်းစိန်ကပြောသည်။

ယင်းအစည်းအဝေးကိုဇွန်လ ၅ ရက်နေ့က မြို့နယ်အထွေထွအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မုရစ်ကလေးကျေးရွာ ဒေသခံ ကိုထိုက်က ”လိုင်စင်မရှိတဲ့ယာဉ်တွေကိုလိုင်စင်လုပ်ပေးတာတော့ဟုတ်ပါပြီ၊အခွန်နှုန်းထားကဈေးမြင့်တယ်လို့ကြားနေရတယ်၊ ယာဉ်တန်ဖိုးနဲ့အခွန်ဆောင်ရတာကပိုနေရင်လည်းလုပ်မယ့် လူကနည်းနေဦးမယ်”ဟု ဆိုသည်။

ဒေသတွင်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်အလွန်နည်းကြောင်း၊ လိုင်စင်ပြုလုပ်ရန်ပေးဆောင်ရမည့် အခွန်နှုန်းထားများကို သိရှိလိုကြောင်း ၎င်းကဆက်လက်ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply