Advertisements

ကျိုက်မရော၊ ဧပြီ

လိုင်စင်မဲ့မော်တော်ယာဉ် ၁၁ စီးကို တင်သွင်းသယ်ဆောင်လာသည့် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၄ ဦးနှင့် အရပ်သား ၇ ဦးကို ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ (အတ္ထရံမြစ်ကူး) တံတားပေါ်တွင် ယခုလ ၂၁ ရက်နေ့က ဖမ်းဆီးအမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှတဆင့် သိရသည်။

ယင်း တံတားပေါ်တွင် ဖြတ်သန်းသွားနေသည့် ယာဉ်များကို ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် မြဝတီမြို့ဘက်မှ မုဒုံမြို့ဘက်သို့ ယာဉ်အမှတ် 9E/—၊ Wish- အမျိုးအစား မော်တော်ယာဉ် မောင်းနှင်လာသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့၊ အမှတ် (၁၆) ၊စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နေသူ ဗိုလ်ကြီး မင်းဇော်ဦးနှင့် ယာဉ်အမှတ် 9L/—၊ Hijet အမျိုးအစားယာဉ်မောင်းနှင်လာသော မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ် (၅၀၂)၊ အမြောက်တပ်ရင်းနေသူ ဗိုလ်ကြီးအဆင့်ရှိ အောင်စိုးမိုးဟန်တို့ကို စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ယာဉ်များ ဖြစ်နေကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့အတူ ယာဉ်အမှတ် 3I/—၊ Mark-X အမျိုးအစား မောင်းနှင်လာသော မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဆေးသူနာပြု၊ အမှတ် (၅) စစ်မြေပြင်ဆေးတပ်ရင်းနေ ဗိုလ်ကြီး မျိုးသီဟမောင်နှင့် 5I/—Wish- အမျိုးအစား သံဖြူဇရပ်မြို့နယ်၊ ဝဲကလိ၊ အမှတ် (၄) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းနေ ဗိုလ်ကြီးအဆင့်ရှိ စိုးပိုင်ဦးတို့ မောင်းနှင်လာသည့် မော်တော်ယာဉ်များကိုလည်း လိုင်စင်မဲ့ယာဉ်အဖြစ် ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“သူတို့တွေမောင်းနှင်လာတဲ့ ကားတွေကို စစ်ဆေးကြည့်တော့ ယာဉ်နဲ့ ပတ်သက်ပြီးတော့ ကညန မှတ်ပုံတင်ထားတဲ့ စာရွက်စာတမ်းတွေ ၊ အကောက်အခွန်ဦးစီးဌာနမှာ အခွန်ထမ်းဆောင်ထားတဲ့ စာရွက်စာတမ်းတွေ မတွေ့ရှိ့လို့စစ်မေးကြည့်တော့ လိုင်စင်မဲ့ယာဉ်တွေဖြစ်ကြောင်း သိရှိခဲ့ရလို့ ဖမ်းဆီးအမှုဖွင့်ခဲ့တာပါ” ဟု ချောင်းနှစ်ခွနယ်မြေရဲစခန်းမှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ တပ်မတော်အရာရှိများနှင့်အတူ ဖမ်းဆီးရမိခဲ့သူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နေသူ ယာဉ်အမှတ် 5J/—၊ Crown အမျိုးအစား ယာဉ်မောင်း မောင်ဝင်း (၄၃) နှစ်၊ ယာဉ်အမှတ် 2L/—၊ Crown အမျိုးအစား၊ ယာဉ်မောင်း ရဲအောင် (၃၈ ) နှစ်၊ ယာဉ်အမှတ် 4G/—၊ Jeep အမျိုးအစား၊ ယာဉ်မောင်း ဘိုလင်းထွန်း (၂၉) နှစ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရမ်းခမ်းအောင်မြို့နေသူ ယာဉ်အမှတ် 6J/—၊ Crown အမျိုးအစား၊ ယာဉ်မောင်း ကောင်းသန့်ဦး (၁၈) နှစ်၊ တာချီလိတ်မြို့နယ်နေသူ ယာဉ်အမှတ် 2J/—၊ Alphard အမျိုးအစား၊ ယာဉ်မောင်း ဖြိုးအောင်စိုး (၂၁) နှစ်၊ ယာဉ်အမှတ် 9K/—၊ Mark-X အမျိုးအစား၊ ယာဉ်အမှတ် 7I/—၊ Note အမျိုးအစား ယာဉ်မောင်း အောင်မင်းဦး (၃၀) နှစ်နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နေသူ အောင်မွန်ဟိန်း (၃၀) နှစ်တို့ ၇ ဦးကိုလည်း လိုင်စင်မဲ့မော်တော်ယာဉ် ၇ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

“လိုင်စင်မဲ့မော်တော်ယာဉ် ၁၁ စီးနဲ့ တပ်မတော်က အရာရှိ ၄ ဦး၊ အရပ်သား ၇ ဦး စုစုပေါင်း ၁၁ ဦးကို ချောင်းနှစ်ခွနယ်မြေရဲစခန်းမှာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ် ၈ နဲ့ တစ်မှုစီ အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေပါတယ်”ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်များကို ကရင်ပြည်နယ်မှတစ်ဆင့် မွန်ပြည်နယ်အတွင်းသို့ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ (အတ္ထရံမြစ်ကူး) တံတားမှတဆင့် လည်းကောင်း၊ ဇာသပြင် (ဂျိုင်းမြစ်ကူး) တံတားနှင့် မော်လမြိုင် (အတ္ထရံမြစ်ကူး) တံတားမှတဆင့်လည်းကောင်း ဖြတ်ကျော်တင်သွင်း၍ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပို့ဆောင်နေမှုများလည်း ရှိကြောင်း မြို့နယ်ရှိ ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။

“လိုင်စင်မဲ့ ယာဉ် ၄ စီးကို သယ်ဆောင်မောင်းနှင်လာတဲ့ တပ်မတော်က ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိ လေးဦးကိုတော့ စစ်တပ်ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လွဲှပြောင်းပေးခဲ့တယ်။ သူတို့တွေကို ဘယ်လိုအရေးယူဆောင်ရွက်ထားလဲဆိုတာကိုတော့ ပြန်အကြောင်းကြားပေးဖို့ လုပ်ဆောင်ထားတယ်လို့ သိရတယ်” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply